close

The PDF Game လူငယ်များကြား ရေပန်းစားနေ

IT နည်းပညာရှင် လူငယ်အဖွဲ့ GZ Entertainment က ဖန်တီးထားတဲ့ The PDF Game ဟာ အခုတလော လူငယ်တွေကြားမှာ ရေပန်းစားနေပါတယ်။ 

ဂိမ်းထဲ ဝင်ဝင်ချင်းအစမှာ မြန်မာနိုင်ငံရဲ့ အာဏာသိမ်းမှု ဖြစ်စဉ်တွေကို တွေ့ရမှာဖြစ်ပြီး ဂိမ်းထဲမှာ PDF တပ်သားအဖြစ် ကစားရမှာဖြစ်သလို မြေပြင် PDF တွေလို မစ်ရှင်တွေ လုပ်ရင်း တိုက်ပွဲဝင်ရာမှာ လိုအပ်တဲ့ ကျည်တွေကို ဖြည့်ဖို့အတွက် ကြော်ငြာတွေ ကြည့်ပေးရမယ်လို့ GZ Entertainment အဖွဲ့ရဲ့ တာဝန်ရှိသူ ကိုတွပ်က ပြောပါတယ်။

“ကျနော်တို့ ဂိမ်းက free to play ဂိမ်းပါ။ iPhone မှာကော၊ android ဖုန်းတွေကော ဆော့လို့ရပါတယ်။ လူတိုင်း အလကားဝင်ဆော့ လို့ရတယ်။ ဂိမ်းထဲမှာ ကြော်ငြာကြည့်ရင်း လိုအပ်တဲ့ ကျည်ပြန်ဖြည့်လို့ရတယ်။ အဓိက ကတော့ တခြား လူငယ်တွေ အသက် တွေ စတေး နေရတာ တွေ့နေရတာတွေ၊ ကိုယ် IT နယ်ပယ် က လူတွေ ဖမ်းဆီးခံရ၊ မဆိုင်တဲ့ မိသားစုဝင်တွေ ဗိုက်ကြီးသည်က အစ သုံးလေးနှစ် သမီးအဆုံး မတရား ဖမ်းချုပ် ခံနေရတာကို မဆိုင်သလို မနေ နိုင်တော့တာ၊ ကိုယ်လည်း ကိုယ်တတ်ထားတဲ့ ပညာနဲ့ တော်လှန်ဖို့ စိတ်ဆုံးဖြတ်လိုက်တာပါ။” 

The PDF Game ကို အချိန်လု လုပ်နေရတာဖြစ်တာကြောင့် အခက်အခဲလည်းရှိပြီး ဝင်ရခက်နေပေမဲ့ စိတ်ရှည်လက်ရှည် ဝင်ရောက်နေသူတွေကို ကျေးဇူးတင်ရှိကြောင်း၊ ဂိမ်းက ရရှိလာတဲ့ ငွေတွေက စားရင်းအရ သိန်းတစ်ထောင်ကျော် ရနေပြီလို့ ပြောပါတယ်။ 

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်တွင်းပြည်ပ မှာရှိတဲ့ နည်းပညာရှင် IT ကျွမ်းကျင်လူငယ်တွေက သူတို့ တတ်မြောက်ထားတဲ့ ပညာတွေနဲ့တော်လှန်ရေးအတွက် အထောက်အပံ့ပေးနိုင်ဖို့ ယူကျူ့ချန်နယ်တွေ၊ အွန်လိုင်းမှတဆင့် ကြော်ငြာတွေ ကြည့်တာနဲ့  အွန်လိုင်းဂိမ်း အပလီဂေးရှင်းတွေကို  ကစားနိုင်အောင် တီထွင်ဖန်တီးနေကြတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up