ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာယူ -၂၃ ဘောလုံးအသင်း ဖိလစ်ပိုင်ကို ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရ

ဗီယက်နမ်နိုင်ငံမှာ မေလ ၁၀ ရက် ဒီကနေ့ညနေကျင်းပတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ဒုတိယပွဲစဉ်မှာ မြန်မာယူ-၂၃ အသင်းက ဖိလစ်ပိုင်ယူ-၂၃ အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်း ပွဲစစ်ချင်း ၂ မိနစ်မှာပဲ တိုက်စစ်မှူး ဝင်းနိုင်ထွန်းက သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်း ပွဲချိန် ၃၄ မိနစ်မှာ ဖိလစ်ပိုင်ကစားသမား ဂျေဘီဒစ်က ချေပဂိုးသွင်းယူပေးခဲ့ပြီး ၃၈ မိနစ်မှာလည်း သူကပဲ ပင်နယ်တီကတဆင့် နောက်တဂိုး ထပ်သွင်းနိုင်ခဲ့တဲ့အတွက် ပထမပိုင်းအပြီးမှာ ဖိလစ်ပိုင်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရနေပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၅၁ မိနစ်မှာတော့ ဝင်းနိုင်ထွန်းဘယ်တောင်ပံကနေပို့ပေးတဲ့ဘောလုံးကို ကွင်းလယ်ကစားသမား လွင်မိုးအောင်က ခေါင်းတိုက်သွင်းယူခဲ့လို့ မြန်မာအသင်း ချေပဂိုး ရခဲ့ပါတယ်။ ပွဲချိန် ၅၄ မိနစ်မှာတော့ မြန်မာအတွက် အနိုင်ဂိုးကို မြတ်ကောင်းခန့် ထောင့်ကန်ဘော ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို လွင်မိုးအောင်က ခေါင်းတိုက်ချပေးလိုက်ရာမှာ အသင်းခေါင်းဆောင် စိုးမိုးကျော်က ပိတ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စု ပထမပွဲစဉ်မှာ အရှေ့တီမောအသင်းကိုလည်း ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရထားပြီး ဒီပွဲအနိုင်ရလို့ ၂ ပွဲကစား ၂ ပွဲနိုင် ရမှတ် ၆ မှတ် ရရှိထားကာ အုပ်စုထိပ်မှာရပ်တည်နေပါတယ်။
မြန်မာယူ-၂၃အသင်း နည်းပြချုပ် ဗယ်လီဇာပိုပေါ့ဗ်က “လိုချင်တဲ့အနိုင်သုံးမှတ်ရရှိခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ ပွဲမတိုင်ခင်ကတည်း ချမှတ်ထားတဲ့ ပုံစံအတိုင်း ကစားနိုင်ခဲ့တဲ့အတွက် ကစားသမားအားလုံးကို ချီးကျူးချင်ပါတယ်။ ပြိုင်ပွဲမစခင်ကတည်းက ပြောထားခဲ့တဲ့အတိုင်း တစ်ပွဲချင်းကိုပဲအာရုံစိုက်ပြီး သေချာပြင်ဆင်ခဲ့ပါတယ်။ နှစ်ပွဲမှာ ၆မှတ်အပြည့်ရရှိနိုင်ခဲ့ပြီး အုပ်စုကို ဦးဆောင်နိုင်ခဲ့ပါပြီ။ ဆီမီးဖိုင်နယ်ကို ထိုက်ထိုက်တန်တန်တက်ရောက်နိုင်ဖို့အတွက် ထပ်ကြိုးစားသွားမှာပါ” လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
မြန်မာအသင်းဟာ အုပ်စုမှတက်ရေး အဆုံးအဖြတ်ပွဲစဉ်တွေအဖြစ် မေလ ၁၃ ရက်မှာ အိမ်ရှင် ဗီယက်နမ်အသင်းနဲ့ကစားရဖို့ ရှိသလို မေ ၁၅ ရက်မှာတော့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
အခုနှစ် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ ၃၁ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့က အားကစားနည်း အမျိုး ၂ဝ မှာ ကစားသမား ၂၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
Photo Credit- MFF