ပြည်ကြီးတံခွန်မြို့နယ်ံ၌ ပြည်သူလူထု နေအိမ် ၅၀ ကျော်ကို စစ်ကောင်စီက ထပ်မံဖျက်ဆီး

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရဲဘော်ကွက်သစ်ရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက မေ ၁၁ ရက် မနက် ၉ နာရီလောက်မှာ ပြည်သူလူထု နေအိမ်တွေကို လမ်းဖောက်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘူဒိုဇာမြေတူးစက်တွေအသုံးပြုပြီး ဖြိုချဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲ အင်အား အယောက် ၅၀ ကျော်ဟာ ရပ်ကွက်အဝင်အထွက် လမ်းပေါက်ဝ တွေမှာ စောင့်ကြည့်နေတယ် သိရပါတယ်။
ဒေသခံတဦးက " ပထမ တခါက တာဝါတိုင် မီးကြိုး မလွတ်တဲ့ အိမ်တွေပဲ ဖျက်သွားတာ။ အခုကလွတ်တာတွေရော ဖျက်တာ။ အရင်တခါ ဖြိုဖျက်ခံရတဲ့အိမ်တွေက အဲ့မှာပဲ တဲထိုးပြီး ပြန်နေကြတော့ အခုအဲ့ဒီ အိမ်တွေပါ ထပ်ဖျက်ဆီး ခံလိုက်ရတယ်။ လမ်းဖောက်မယ်လို့ သတင်းကြားထားပေမဲ့ အိမ်တွေကို ဖျက်မယ်လို့ ကြိုတင် အကြောင်းကြားထားတာမရှိဘူး။ ပစ္စည်းတွေ သိမ်းဖို့ အချိန်အနည်းငယ်ပဲ ရလိုက်တယ်”လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ အိမ်ပေါင်း ၅၀ ကျော်ကို ဖြိုချဖျတ်ဆီးခံထားရပြီး ဂရန်ရှိတဲ့ အိမ်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ရဲဘော်ကွက်သစ်ရပ်ကွက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က မီးကြိုးမလွတ်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက အိမ်ခြေ ၆၀ ကျော် ဖြိုချ ဖျက်ဆီးခဲ့ပါတယ်။