ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ကွက်ဒ်အဖွဲ့ဝင် ၄ နိုင်ငံခေါင်းဆောင်များ သဘောတူ

အင်ဒိုပစိဖိတ် ဒေသတွင်းလေးနိုင်ငံအဖွဲ့ (ကွက်ဒ်) ရဲ့ ခေါင်းဆောင်တွေက ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး လုပ်ဆောင်ကြဖို့အပါအဝင် လွတ်လပ်ပွင့်လင်းတဲ့ ဒေသအတွက် အတူရပ်တည်ရေး မေလ ၂၄ ရက်မှာ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ကတိပြုလိုက်ကြပါတယ်။
အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန် လေးနိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ ရုရှားအရေး အပါအဝင် ကိစ္စရပ်တွေအပေါ် ကွဲပြားနားတဲ့အမြင်တွေကို ဆွေးနွေးခဲ့ကြပြီး တရုတ်ရဲ့ သူ့ကိုယ်သူ ယုံကြည်မှု ပိုတိုးလာတာကို တုံ့ပြန်ဖို့အတွက်လည်း ရည်ရွယ်ပြီး ဆွေးနွေး နေတာပါ။
ဒါ့အပြင် ထိုင်ဝမ်အရေးဟာ ကွက်ဒ် အစည်းအဝေးအတွင်း ဆွေးနွေးဖို့ တရားဝင် ကိစ္စရပ် မဟုတ်ပေမဲ့ ခေါင်းဆောင် လေးယောက် တွေ့ဆုံချိန်မှာ အဓိက ဆွေးနွေးစရာ ခေါင်းစဉ် ဖြစ်လာပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒြာမိုဒီ၊ ဂျပန်ဝန်ကြီးချုပ် ဖူမိအိုခိရှိဒနဲ့ ဩစတြေးလျဝန်ကြီးချုပ် အသစ် အန်ထော်နီအယ်လ်ဘာနီတို့ဟာ ၄ နိုင်ငံဆွေးနွေးပွဲသာမက နှစ်နိုင်ငံချင်း အပြန်အလှန် အစည်းအဝေးတွေလည်း ကျင်းပကြဦးမှာပါ။
ဒီဆွေးနွေးပွဲ ပြီးတဲ့အခါမှာ အိန္ဒိယနဲ့ ဂျပန် နှစ်နိုင်ငံခေါင်းဆောင်တွေ အလုပ်သဘော ညစာစားဖို့ စီစဉ် ထားပါတယ်။