နွေဦးတော်လှန်ရေးအောင်ပွဲရသည်အထိ တိုက်ပွဲဝင်ပေးကြရန် ထားဝယ် နိုင်ငံရေးအကျဉ်းသားများ တောင်းဆို

လက်နက်ကိုင်တော်လှန်ရေး အောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်ပေးကြဖို့ ထားဝယ်အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်သားတွေက မတ်လ ၃၀ ရက်က ပန်ကြားလိုက်ပါတယ်။
အဲဒီ ပန်ကြားတောင်းဆိုချက်ကို ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် Dawei Political Prisoners Network က ထုတ်ပြန်လိုက်တာပါ။
နွေဦးတော်လှန်ရေးရဲဘော်တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ လမ်းညွှန်ချက်တွေ စည်းမျဥ်းစည်းကမ်းချက်တွေကို အသက်ပမာဦးထိပ်တင်ပြီးတိုက်ပွဲဝင်ကြဖို့လည်း တိုက်တွန်းပါတယ်။
စစ်အာဏာရှင်နဲ့လက်ပါးစေတွေက နွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါဝင်ကြသူတွေရဲ့ မိသားစုဝင်တွေကို အသက်အန္တရာယ်အရ ခြိမ်းခြောက်အကျပ်ကိုင်နေတယ်ဆိုတာ ကြားသိနေရပြီး ဘယ်လို အကြမ်းဖက်တိုက်ခိုက်မှုမျိုးကိုမဆို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက် ရှုတ်ချတယ်လို့လည်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများက ဆိုပါတယ်။
နွေဦးတော်လှန်ရေးကြီးရဲ့ အဓိကအနှစ်သာရဟာ လက်နက်ရှိသူတွေက လက်နက်မရှိသူတွေကို အစဥ်ထာဝရကြောက်ရွံ့နေရမယ့် ဖက်ဒရယ်ဒီမိုကရေစီ လူ့ဘောင်သစ်နိုင်ငံတော်ကို ရည်ရွယ်တည်ထောင်ကြဖို့ဖြစ်တယ်လို့ အဆိုပါထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။