close

ရွှေတိဂုံတွင် “တိုင်းပြည်သေဒဏ်သင့်နေသဖြင့် ယနေ့ဘုရားပိတ်သည်” စာတန်းချိတ်ဆွဲ ဆန္ဒပြ

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်းမုခ်ဦးအဝင်ဝမှာ ဇွန် ၁၂ ရက်  ဒီကနေ့ မနက်က  "တိုင်းပြည်သေဒဏ်သင့်နေသဖြင့်ယနေ့ဘုရားပိတ်သည်" စာတန်းအား ချိတ်ဆွဲပြီး ရန်ကုန်လူထု သပိတ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်။

အဆိုပါ လှုပ်ရှားမှုနဲ့တူ  မနက်ဖြန် ဇွန် ၁၃ ရက် ကျရောက်မယ့် နယုန်လပြည့်နေ့မှာ ဘုရားစေတီပုထိုးတွေကို သွားရောက်ဖူးမျှော်ခြင်း မပြုဘဲ ဘုရားရင်ပြင်တော်ပေါ်မှာ တိတ်ဆိတ်ခြောက်ခြား‌စေခြင်းဖြင့် သပိတ်မှောက်ဆန္ဒထုတ်ဖော်ကြဖို့လည်း ရန်ကုန်လူထုသပိတ်က တိုက်တွန်းနှိုးဆော်ထားပါတယ်။

နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ ထောင်တွင်းနဲ့ စစ်ကြောရေးမှာ အသက်သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်မှု၊ ဆန္ဒပြပြည်သူတွေကို လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှု၊ တရားမဝင်စစ်ခုံရုံးက လူ့အခွင့်အရေး ချိုးဖောက်ကာ တော်လှန်‌ပြည်သူတွေကို စွပ်စွဲချက်တင် ကြိုးမိန့်ပေးကွပ်မျက်ဖို့ လုပ်ဆောင်နေတာ တွေကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အခုလို လုပ်ဆောင်တာလို့လည်း  သပိတ်အဖွဲ့က ပြောပါတယ်။ 

ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်မှာ မဟာသမယအခါတော်နေ့ မင်္ဂလာအခမ်းအနားကို ဇွန် ၁၃ ရက် နယုန်လပြည့်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

အဲဒီနေ့မှာတော့ ရင်ပြင်တော်ရာဟုထောင့်က ချမ်းသာကြီးတန်ဆောင်းမှာ မဟာသမယ အခါတော်နေ့ မင်္ဂလာအခမ်းအနားကျင်းပကာ ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်းတွေကို တပြိုင်တည်းတီးခတ်မယ်လို့ သိရပါတယ်။

//
Up