close

ကိယက်မြို့အနီးမြှုပ်ထားသည့်အလောင်း ၇ လောင်းကို ယူကရိန်းစုံစမ်းရေးအဖွဲ့ ထပ်မံတွေ့ရှိ

ယူကရိန်းက စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ကိယက်မြို့ အနီးမှာ ဖြစ်သလို မြှုပ်နှံထားတဲ့အလောင်း ၇ လောင်းကို တွင်း ၂ တွင်းထဲကနေ  ဇွန် ၁၃ ရက်မှာ ပြန်လည် ဖော်ယူခဲ့ပါတယ်။ 

ဒါဟာ ရုရှားရဲ့ ကျူးကျော်စစ် ၂ လအတွင်း ကိယက်အနီးမှာ လူသေအလောင်းတွေကို စုမြှုပ်ထားတဲ့ တွင်းတွေကို နောက်ထပ်တွေ့ရှိမှု ဖြစ်ပါတယ်။ အလောင်းတွေကို Vorzel ဆိုတဲ့ ရွာအနီးမှာ စုပြီး မြှုပ်နှံထားတာပါ။

“အလောင်းတွေကို ကျွမ်းကျင်သူတွေက စတင် စစ်ဆေးနေပြီး ပထမဆုံး စစ်ဆေးနေတဲ့ အလောင်းက အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတယောက်ဖြစ်တယ်။ အရပ်သား ဝတ်စုံကို ဝတ်ထားပြီး ဒဏ်ရာ ၂ ချက်တွေ့ရတယ်။ ဒူးခေါင်းမှာ သေနတ် ဒဏ်ရာ တချက်၊ နားထင်မှာ သေနတ်ဒဏ်ရာတချက် တွေ့ရတယ်”လို့ စုံစမ်းရေးအဖွဲ့မှာ ပါဝင်တဲ့ Nyebytov က ပြောပါတယ်။ 

အလောင်းတွေဟာ အတော်လေး ပျက်စီးနေတဲ့အတွက် စေ့စေ့စပ်စပ် စစ်ဆေးဖို့ အချိန်ယူ ရနိုင်တယ်လို့လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။ 

ရုရှားဘက်ကတော့ သူတို့တပ်တွေဟာ ယူကရိန်းမှာ အရပ်သားတွေကို ပစ်မှတ်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

ဧပြီလတုန်းကလည်း အလောင်း ၄၀၀ လောက် စုမြှုပ်ထားတဲ့ တွင်းတွေကို ဘူချာ ဆိုတဲ့ မြို့ငယ်လေးအနီးမှာ တွေ့ခဲ့ရတယ်လို့ ယူကရိန်းက ပြောပါတယ်။ 

ဘူချာမြို့မှာ အလောင်း ၄၀၀ တွေ့ရှိရတယ်ဆိုတာကိုလည်း ရုရှားဘက်က လက်မခံဘဲ ဒါဟာ ယူကရိန်းဘက်က လုပ်ကြံဖန်တီးတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

//
Up