ရုရှားဘဏ်များက ဒေါ်လာနှင့် ယူရိုငွေ အပ်နှံမှုလက်မခံတော့ဘဲ ဆိုင်းငံ့ထား

ရုရှားဘဏ်အများအပြားဟာ ဒေါ်လာနဲ့ ယူရိုငွေတို့နဲ့ ငွေစုအကောင့်ဖွင့်တာကိုလက်မခဲတော့ဘဲ ဆိုင်းငံ့ထားလိုက်ပြီး ဒေါ်လာနဲ့ ယူရိုအပ်ငွေကိုလည်း ကန့်သတ်ထားကြောင်း ရုရှားနိုင်ငံထုတ် Izvestiya နေ့စဉ်သတင်းစာက ရေးသားဖော်ပြပါတယ်။
လက်ရှိမှာ Promsvyazbank နဲ့ RosBank တို့လို ရုရှားဘဏ်တွေဟာ ဒေါ်လာနဲ့ ယူရိုငွေ စုငွေစာ ရင်းတွေ ဖွင့်လှစ်ခြင်းကို ဆိုင်းငံ့ထားပြီး တချို့ဘဏ်တွေမှာတော့ ဒေါ်လာနဲ့ ယူရိုတွေနဲ့ အပ်နှံငွေ တွေကို ဆိုင်းငံ့ထားပါတယ်။
အခုချိန်ကတော့ ဒေါ်လာနဲ့ ယူရိုအကောင့်တွေ ဖွင့်လှစ်ဖို့ မဖြစ်နိုင်ကြောင်း ရုရှားဖက်ဒရေးရှင်း ဗဟိုဘဏ်က ဆိုထားပါတယ်။
ဒေါ်လာနဲ့ယူရို ငွေစုငွေစာရင်းတွေကို ဇွန် ၉ ရက်ကတည်းက မရနိုင်တော့ဘဲ ဘယ်အချိန်မှာ ပြန်စတင်မယ် ဆိုတာကို မသိရသေးပါဘူး။
ရုရှားဘဏ်အများအပြားကတော့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေရဲ့ရလဒ်အနေနဲ့ ရန်ပုံငွေ ထိန်းချုပ်တားဆီးခံရတဲ့ အန္တရာယ်တွေမြင့်လာတာကြောင့် ဒေါ်လာနဲ့ ယူရိုမှာ ရင်းနှီးမြှုပ်နှံဖို့ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားပြီးနောက် အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေဟာ ရုရှား အပေါ် ပြင်းထန်တဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့တာပါ။
အဓိကကျတဲ့ ရုရှားဘဏ် အတော်များများကိုလည်း ကမ္ဘာအနှံ့ ဘဏ်အချင်းချင်း ငွေကြေးဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးကိုသုံးတဲ့ လုံခြုံတဲ့ ဘဏ်ငွေပေးချေမှုစနစ် (SWIFT) ကနေ ဖယ်ထုတ်ခဲ့ပါတယ်။
ရုရှားနိုင်ငံခြားငွေ အရန်ငွေ ဒေါ်လာ ဘီလီယံပေါင်း များစွာကိုလည်း အနောက်နိုင်ငံ ဘဏ္ဍာရေး စနစ်တွေကြောင့် ပိတ်မိနေပါတယ်။
တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေလည်း တိုးမြင့်လာတာနဲ့အမျှ ဒေါ်လာနဲ့ ယူရိုတွေကို အရန်ပိုင်ဆိုင်မှုတွေအဖြစ် အသုံးပြုဖို့ အန္တရာယ် များလာတာကြောင့် ရုရှားဘဏ် အများအပြားဟာ အနောက်နိုင်ငံဘဏ္ဍာရေးစနစ်ကြောင့် ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ခံရမယ့် ဘေးကို တန်ပြန်ဆောင်ရွက်ဖို့ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး ကန့်သတ်ချက်တွေကို ချမှတ်ခဲ့ရပါတယ်။