ရှင်ဇိုအာဘေးလုပ်ကြံခံရမှုအပေါ် ကမ္ဘ့ာနိုင်ငံခေါင်းဆောင်များ တုန်လှုပ်ခြောက်ခြားမိကြောင်း ထုတ်ဖော်ပြ

ဂျပန်နိုင်ငံ၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ဇူလိုင် ၈ ရက်မှာ လုပ်ကြံခံခဲ့ရတဲ့အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေ တုန်လှုပ်ခြောက်ခြားမိကြောင်း ထုတ်ဖော်ပြသကြရင်း အာဘေးကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။
ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ အာဘေးဟာ ပါလီမန် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတုန်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။
လက်ရှိ ဂျပန်ဝန်ကြီးချုပ်ဖှုမိအိုခိရှိဒက တိုင်းပြည်ဟာ နိုင်ငံရေးသမားကောင်း တယောက်ကို ဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကတော့ သူ့နိုင်ငံအတွက် "ဝန်ကြီးချုပ် အာဘေဟာ ထူးခြားတဲ့ မိတ်ဖက်တယောက်”လို့ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဂျီနီဗာမြို့တော်မှာ ဇူလိုင် ၈ ရက်က ကျင်းပနေတဲ့ အစည်းအဝေးအတွင်း ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအတွက် တမိနစ် ငြိမ်သက် အလေးပြု ခဲ့ကြပါတယ်။
ရက်စက်တဲ့လုပ်ရပ်ကြောင့် ဂျပန်ပြည်သူတွေ ထိတ်လန့် ဝမ်းနည်းနေကြတယ်လို့ ကုလ လူ့အခွင့်အရေးကောင်စီဆိုင်ရာ ဂျပန်သံအမတ်ကြီး ခါ့ဇုယုခိယာမဇခိက အဖွဲ့ဝင်နိုင်ငံတွေကို ပြောပါတယ်။
လွတ်လပ်မှုနဲ့ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ရွေးကောက်ပွဲ တခုအတွင်း ဒီ လုပ်ကြံမှုဟာ စက်ဆုပ်စရာလုပ်ရပ် ဖြစ်လာခဲ့တယ်။ ဒါဟာ လုံးဝသည်းမခံနိုင်စရာဖြစ်ပြီး အပြင်းထန်ဆုံး ရှုတ်ချတယ်လို့ ယာမဇာ့ခိက ပြောရင်း အဖွဲ့ဝင်နိုင်ငံတွေ သူနဲ့အတူ တမိနစ် ငြိမ်သက် အလေးပြုဖို့ တောင်းဆိုခဲ့ပါတယ်။