ထိုင်းစစ်တပ်ပိုင် ရဟတ်ယာဉ် ရာဘာခြံထဲပျက်ကျ၊ တိုင်းမှူးအပါအဝင် ၇ ဦး ဒဏ်ရာရ

ထိုင်းစစ်တပ် အမှတ် ၄ စစ်တိုင်းဒေသ ဌာနချုပ်ပိုင် ရဟတ်ယာဉ်တစ်စီးဟာ ဒီကနေ့ (ဇူလိုင် ၁၅ ရက်) မနက်က ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ထေးဖားမြို့နယ် ဝမ်းယိုင်အုပ်စု ခလောင်းယွန်းရွာထဲက ရာဘာခြံတခုထဲ ပျက်ကျသွားပြီး တိုင်းမှူးအပါအဝင် အရာရှိအရာခံ စုစုပေါင်း ၇ ဦး ဒဏ်ရာရသွားတယ်လို့ သနေးရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ရဟတ်ယာဉ်ပျက်ကျတာနဲ့ အနီးနားရှိ ရွာသားတွေက ချက်ချင်း ကနဦးသွားရောက် ကူညီခဲ့ ကြောင်း၊ အဲဒီနောက် မြို့နယ်မှူးနဲ့ လူနာတင်ယာဉ်တွေ ရောက်လာကာ ဒဏ်ရာရသူတွေကို ဆေးရုံ ပို့ပေးခဲ့ပါတယ်။
အဆိုပါရဟတ်ယာဉ်ထဲမှာ အမှတ် ၄ စစ်တိုင်းဌာနချုပ်တိုင်းမှူး ဒုဗိုလ်ချုပ်ကြီး ကရိန်းကိုင်း ဆီရီရတ်လည်း လိုက်ပါလာပြီး ဒဏ်ရာအနည်းငယ်သာရရှိကြောင်း၊ ကျန်တဲ့ ၆ ဦးလည်း အသက် အန္တရာယ် စိုးရိမ်စရာမရှိတော့ဘူးလို့ ဆိုပါတယ်။
ရဟတ်ယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းနဲ့ ပျက်ကျချိန်အတိအကျကိုတော့ သတင်းမှာ ဖော်ပြထားတာ မတွေ့သေးပါဘူး။
Ref-Matichon