မာန်အောင်မြို့ ရှိ KBZ ဘဏ်ဝန်ထမ်း ၂ ဦး ငွေအလွဲသုံးစားမှုဖြင့် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် မာန်အောင်မြို့ရှိ KBZ ဘဏ်မှ အကြီးတန်းစာရေး အမျိုးသမီးဝန်ထမ်း ၂ ယောက်ကို ငွေအလွဲသုံးစားလုပ်မှုနဲ့ ဇူလိုင် ၁၆ ရက်က ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ မာန်အောင်မြို့ ဘဏ်ခွဲတာဝန်ရှိသူတဦးက ပြောပါတယ်။
"လက်ရှိမှာသူတို့ကို ငွေအလွဲသုံးစားပြုမှုနဲ့ မာန်အောင်ရဲစခန်းမှာ ဖမ်းဆီးပြီး အမှုဖွင့်ထားတယ်။ ရဲကတော့ ဘဏ်မှာ စိစစ်မှုတွေ လုပ်နေသေးတယ်။"
သူတို့ နှစ်ဦးဟာ ဘဏ်အကောင့်ပိုင်ရှင် ၉ ဦးဆီကနေ ဘဏ်ခွဲတာဝန်ခံ ခွင့်ပြုချကေမရှိဘဲ ငွေကျပ်သိန်း ၁၈၃၅ သိန်းကို ထုတ်ယူထားကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် အရေးယူပေးဖို့ မာန်အောင် ဘဏ်ခွဲတာဝန်ခံက ရဲစခန်းမှာ လာရောက်တိုင်ကြားတဲ့အတွက် အခုလို ဖမ်းဆီးအမူ ဖွင့်ထားတာပဲ ဖြစ်ပါတယ်။
အခုဖွင့်ထားတဲ့အမှု ပုဒ်မအရ ထောင်ဒဏ် ၇ နှစ်အထိ ကျနိုင်တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ မာန်အောင်မြို့ KBZ ဘဏ်ခွဲက အသက် ၂၉ နှစ်နဲ့ ၃၁ အရွယ် အကြီးတန်းစာရေး အမျိုးသမီး နှစ်ဦးကို ငွေအလွဲသုံးစားလုပ်မှု ပုဒ်မ ၄ဝ၈၊ လက်မှတ်အတု လုပ်မှု ပုဒ်မ ၄၆၈ တို့နဲ့ ဖမ်းဆီးအမှု ဖွင့်ထားပါတယ်။