ဗြိတိန်တော်ဝင်မိသားစု၏ အတွင်းရေးဇာတ်လမ်းစာအုပ် ထွက်ရှိ

ဗြိတိန်တော်ဝင်မိသားစုတွေနဲ့ ဆပ်က်စ်ဆက်စ်မြို့စားမောင်နှံအကြား အကွဲအပြဲ အသေးစိတ် တွေကို ဖော်ထုတ်သွားမယ်လို့ ကတိပြုထားတဲ့ ‘Revenge’- လက်စားချေခြင်း အမည်ရှိ စာအုပ်ကို ယူနိုက်တက်ကင်းဒမ်းမှာ ထုတ်ဝေလိုက်ပြီး ဇူလိုင် ၂၂ ရက်က စာအုပ်ဆိုင်ရဲ့စင်တွေပေါ် ရောက်နေပါပြီ။
အမေရိကန် ရုပ်ရှင်မင်းသမီးဟောင်း မက်ဂန်မာကလ်နဲ့ အဲလိဇဘက်ဘုရင်မကြီးရဲ့ မြေးတော်ဖြစ်သူ ဗြိတိန်ထီးနန်းကိုဆက်ခံဖို့ ၆ ယောက်မြောက်ဖြစ်တဲ့ မင်းသားဟယ်ရီတို့ဟာ ၂၀၁၈ ခုနှစ်က ဝင်ဆာရဲတိုက်မှာ ခမ်းနားကြီးကျယ်စွာ လက်ထပ်ခဲ့ပြီးနောက်မှာ ကမ္ဘာ့အကျော်ကြားဆုံး စုံတွဲတွေထဲက တတွဲ ဖြစ်လာပါတယ်။
ဆပ်က်စ်ဆက်စ်မြို့စားနဲ့ မြို့စားကတော်လို့ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ထားတဲ့ တော်ဝင်စုံတွဲဟာ မကြာသေးမီနှစ်တွေအတွင်း ဗြိတိန်သတင်းစာတွေရဲ့အစိတ်အပိုင်းတွေမှာ အရေးပါတဲ့ သတင်းဖော်ပြ ခံခဲ့ရပြီး ဒါကို မင်းသားဟယ်ရီက အဆိပ်အတောက်တွေလို့ ခေါ်ဆိုခဲ့ပါတယ်။
မင်းသားဟယ်ရီနဲ့ မက်ဂန်မာကလ်တို့ဟာ မင်းသားဝီလျံနဲ့ ကြင်ယာတော် ကိတ်တို့နဲ့အတူ ပူးတွဲ လုပ်ဆောင်မှုတွေကနေ ခွဲထွက်ပြီး သူတို့ ကိုယ်ပိုင်အိမ်ထောင်စုကို ထူထောင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အနည်းဆုံး ၂၀၁၉ ခုနှစ်လောက်ကတည်းက ဟယ်ရီနဲ့ တော်ဝင်မိသားစုကြား တင်းမာမှု လက္ခဏာတွေ ရှိခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ဟယ်ရီနဲ့ မက်ဂန် တို့ဟာ သူတို့ရဲ့ ထိပ်တန်းတော်ဝင်တွေဆိုတဲ့ ရာထူးဂုဏ်သိန်တွေကနေ ခွဲထွက်ခဲ့ပြီး အမေရိကန်ကို ပြောင်းသွားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် မတ်လက အိုပရာဝင်းဖရေးနဲ့ ပေါက်ကွဲထိမိတဲ့ အင်တာဗျူးတခုထဲမှာ မက်ဂန်က တော်ဝင်မိသားစုဟာ လူမျိုးရေးခွဲခြားမှုရှိကြောင်းနဲ့ သူ့ကိုလည်း လိမ်ညာပြီး သတ်သေဖို့ တွန်းအားပေးကြောင်း စွပ်စွဲခဲ့ပါတယ်။
သူတို့စုံတွဲဟာ ဒီနှစ် ဇွန်လက ဘုရင်မကြီးရဲ့ပလက်တီနမ်ရတု အထိမ်းအမှတ်ပွဲတွေမှာ ပါဝင် ဆင်နွှဲဖို့ ဗြိတိန်ကို ခရီးထွက်ခဲ့ကြပေမယ့် တခြားတော်ဝင်မိသားစုတွေကို မြင်တွေ့ရတဲ့ ဘာကင်ဟမ် နန်းတော်ရဲ့ လသာဆောင်မှာ သူတို့ ပေါ်မလာခဲ့ပါဘူး။
တော်ဝင်မင်းသားဟယ်ရီဟာ ဗြိတိန်မှာရှိနေချိန် သူ့ကို ရဲတပ်ဖွဲ့ရဲ့အကာအကွယ်ပေးဖို့ ပယ်ချ ထားတဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို တရားရေးရာအရ ရင်ဆိုင်ဖို့အတွက် ဇူလိုင် ၂၂ ရက်မှာ ခွင့်ပြုချက် ရရှိခဲ့ပါတယ်။
ဟယ်ရီနဲ့ မက်ဂန်တို့ဟာ သူတို့ရဲ့ ကလေးနှစ်ယောက်နဲ့အတူ ကယ်လီဖိုးနီးယားကို ပြောင်းလာက တည်းက သီးသန့်လုံခြုံရေးအဖွဲ့ကို မှီခိုနေရတာဖြစ်ပါတယ်။