ဇူလိုင်လအတွင်း ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း ပြန်လည်ကျဆင်း

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းတွေအတွက် လစဉ်ညွှန်းကိန်းဟာ ဇူလိုင်လမှာ သိသိသာသာ ကျဆင်းခဲ့ ပြီး ဇွန်လနဲ့ နှိုင်းယှဉ်ရင် ၈ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) က ဩဂုတ် ၅ ရက်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ ယူကရိန်းကနေ စပါးတင်ပို့ဖို့ ခွင့်ပြုရေး ဇူလိုင်လမှာ သဘောတူခဲ့ပြီးနောက် ကျဆင်းလာတာပါ။
စျေးနှုန်းဖိအားတချို့ကို ပြေလျော့စေတဲ့ ကမ္ဘာ့ကုန်စည်ဖြန့်ဖြူးရေး ကွင်းဆက်ကို ချိန်ညှိပြီးတဲ့ နောက် အစားအသောက်ဈေးနှုန်းတွေ ကျဆင်းလာတာလို့ FAO က ပြောခဲ့ပါတယ်။
နိုင်ငံတကာ စားသောက်ကုန်စျေးနှုန်း အပြောင်းအလဲကို လစဉ်တိုင်းတာတဲ့ အဓိက ညွှန်းကိန်း ဖြစ်တဲ့ FAO စားနပ်ရိက္ခာ စျေးနှုန်းညွှန်းကိန်းဟာ ဇူလိုင်လမှာ ပျမ်းမျှအားဖြင့် ၁၄၀ ဒသမ ၉ မှတ်အထိရှိခဲ့ပြီး လေးလဆက်တိုက်ကျဆင်းမှုကို ကိုယ်စားပြုပါတယ်။
စျေးနှုန်းညွှန်းကိန်း ကျဆင်းပေမယ့် ဇူလိုင်လထဲမှာ အညွှန်းကိန်းဟာ မနှစ်က ဇူလိုင်လ ညွှန်းကိန်းထက် ၁၃ ဒသမ ၁ ရာခိုင်နှုန်း ပိုများနေပါသေးတယ်။
ဟင်းသီးဟင်းရွက်ဆီဈေး ၁၉ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး ကောက်ပဲသီးနှံနဲ့ ဆီရီရယ်တို့ ၁၁ ဒသမ ၅ ရာခိုင်နှုန်း စျေးနှုန်းကျဆင်းသွားလို့ အညွှန်းကိန်းအတွင်း အဓိကအစိတ်အပိုင်းငါးခု ထွက်သွားခဲ့တာပါ။
ကမ္ဘာ့ထိပ်တန်း ကောက်ပဲသီးနှံ ထုတ်လုပ်သူ နိုင်ငံတွေထဲက တခုဖြစ်တဲ့ ယူကရိန်းနိုင်ငံကနေ စပါးတင်ပို့မှုကို ခွင့်ပြုဖို့ ယူကရိန်းရဲ့ ပင်လယ်နက် ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာ ပြန်ဖွင့်ရေး အဓိက သဘောတူညီချက်နဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ တစိတ်တပိုင်း ဆက်စပ်နေတယ်လို့ FAO က ပြောပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်ဟာ အတော်လေးကို တွန်းအားဖြစ်စေမယ့် လမ်းကြောင်း ပေါ်ရှိနေပေမယ့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုကို ပြင်းပြင်းထန်ထန် ဖိအားပေးနိုင်တဲ့ စျေးကြီးတဲ့ ဓာတ်မြေသြဇာနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအမြင် အပါအဝင် မသေချာမရေရာ မှုတွေ ရှိနေသေးတယ်လို့ FAO ရဲ့ စီးပွားရေး ပညာရှင်ချုပ် မက်ဆီမို တိုရေရို ကောလန်က ပြောပါတယ်။
FAO ရဲ့ စားနပ်ရိက္ခာစျေးနှုန်းညွှန်းကိန်းဟာ စားသောက်ကုန် နယ်ပယ် အမျိုးအစား ၂၃ မျိုးထဲက မနှစ်ကနဲ့ စာရင် စျေးနှုန်းမတူညီတဲ့ ထုတ်ကုန် ၇၃ မျိုးအတွက် ကမ္ဘာတဝန်းက စျေးနှုန်းတွေကို အခြေခံထားပါတယ်။