နယူးဒေလီရှိ မိုးမျှော်တိုက် ၂ လုံးကို ဖြိုချ

အဆောက်အအုံဆိုင်ရာ စည်းမျဉ်းတွေနဲ့ မီးဘေးလုံခြုံရေး စံနှုန်းတွေကို ချိုးဖောက်ထားတာကို တရားရုံးချုပ်က တွေ့ပြီးတဲ့နောက် အိန္ဒိယအာဏာပိုင်တွေက မိုးမျှော်တိုက် ၂ လုံးကို သြဂုတ် ၂၈ ရက်မှာ ဖောက်ခွဲ ဖြိုချလိုက်ပါတယ်။
မြို့တော် နယူးဒေလီရဲ့ မြို့ပြင်က နွိုက်ဒါအရပ်မှာရှိတဲ့ စူပါတက်ခ်အမွှာမျှော်စင်ကို ၁၀ စက္ကန့် အတွင်း ဖြိုချဖို့ ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်း ကီလိုဂရမ် ၃၇၀၀ လောက် သုံးခဲ့ပါတယ်။
လူ မနေတဲ့ တိုက်ခန်းပေါင်း ၈၅၀ ရှိတဲ့ ၃၃၈ ပေ မြင့်တဲ့ မျှော်စင် ၂ လုံးကို ဖြိုချဖို့ ရဲနဲ့ အရေးပေါ် ဝန်ထမ်းအများအပြားကို တာဝန်ချထားခဲ့ရတာပါ။
အိန္ဒိယနိုင်ငံရဲ့ မြို့ကြီးတွေမှာ တရားမဝင် အဆောက်အအုံတွေများနေပေမဲ့ ကြီးမားတဲ့ အဆောက်အအုံတွေကို ဖြိုချတာ ရှားပါတယ်။
ပေါက်ကွဲမှုကြောင့် အပျက်အစီးတွေ တန်ချိန် ၈၀၀၀၀ ကျော် ကျန်ရစ်ခဲ့ပါတယ်။ အများစုကိုတော့ မြေနိမ့်ပိုင်း နေရာတွေကို ဖြည့်ဖို့သုံးပြီး ကျန်တာတွေကို ပြန်ပြင်ဆင် သုံးစွဲမယ်လို့ သိရပါတယ်။