close

ထောက်ခံဆန္ဒပြသူများကို ကျေးဇူးတင်ကြောင်း အာဂျင်တီးနား ဒုသမ္မတ ပြော

အာဂျင်တီးနား ဒုသမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ်ဒေခါ့ကနာက ထောက်ခံသူဆန္ဒပြသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ ဆန္ဒပြတာ ရပ်တန့်ကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

သူ့အစိုးရ လက်ထက်အတွင်း အဂတိလိုက်စားမှု စွဲချက်တွေအတွက် အစိုးရ ရာထူးတွေမှာ ပါဝင်ခွင့် တားမြစ်ပိတ်ပင်ဖို့နဲ့ ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်စီရင်ဖို့ အစိုးရရှေ့နေတွေက ဆော်ဩခဲ့ အပြီး မြို့တော်ဗျူးနိုအေးရိစ်ရဲ့ လမ်းတွေပေါ်မှာ ထောင်ချီတဲ့ လူတွေ ရက်တွေနဲ့ချီ ဆန္ဒပြခဲ့တာပါ။ 

သူ့ကို ထောက်ခံကြောင်း တင်းမာတဲ့ ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရဲ ၇ ယောက် ဒဏ်ရာရပြီး လူ ၂ ယောက် အဖမ်းခံရပါတယ်။ 

အဲဒီနောက် ခါ့ကနာကတော့ သူ့အိမ်နားက လမ်းထဲမှာ စင်ထိုးပြီး ထောက်ခံသူတွေကို မိန့်ခွန်းပြောခဲ့ပါတယ်။ 

လူစုလူဝေးကြီးတွေကို ဟန့်တားဖို့ ရဲတွေက အစောပိုင်းမှာ အရံအတားတွေ ချထားခဲ့တဲ့ ဗျူးနိုအေးရီးစ်မြို့တော် ရေကိုလေတာရပ်ကွက်က ဒုသမ္မတရဲ့ အိမ်အပြင်ဘက်မှာ အကြီးဆုံး ဆန္ဒပြပွဲကြီး ဖြစ်လာခဲ့တာပါ။

မွန်းလွဲပိုင်းမှာတော့ ဆန္ဒပြသူတွေက အရံအတားတွေကို ဖြိုလှဲပြီး ရဲတွေနဲ့ ရုန့်ရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ခါ့ကနာဟာ တရားရေးဆိုင်ရာ ညှဉ်းပန်းမှုရဲ့ ဓားစာခံသာဖြစ်ပြီး မြို့တော်ဝန်က ရန်စတဲ့အနေနဲ့ အရံအတားတွေကို ချထားခဲ့တာလို့ ဆန္ဒပြသူတွေက အခိုင်အမာ ပြောပါတယ်။

ခါ့ကနာကတော့ ထောက်ခံသူတွေကို ကျေးဇူးတင်ကြောင်းပြောပြီး ဆန္ဒပြမှု ရပ်တန့်ကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

သူဟာ ၂၀၁၉ နှစ်ကုန်ပိုင်းတည်းက အာဂျင်တီးနားနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ လက်ဝဲယိမ်း ညွန့်ပေါင်းအစိုးရထဲမှာ အမာခံအဖြစ်ဆုံးအဖွဲ့ကို ဦးဆောင်သူလည်း ဖြစ်ပါတယ်။

သူ့အပေါ် စွဲချက်နဲ့ စီရင်ချက်ကို လချီ ကြားနာအပြီး တရားသူကြီးက ဆုံးဖြတ်မှာပါ။ စီရင်ချက်ကို အယူခံ ဝင်နိုင်လို့ နောက်ဆုံး စီရင်ချက်ချဖို့ အချိန် နှစ်ချီ ကြာနိုင်ပါတယ်။ 

//
Up