close

လူ့အင်္ဂါအစိတ်အပိုင်းများ မှောင်ခိုရောင်းချသည့် မြန်မာပြည်ရှိ “KK Park” မှ ပြန်လာသူ ၃ ဦးကို ထိုင်ဝမ်ရဲဖမ်းဆီ

လူကုန်ကူးမှုနဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ မြန်မာနိုင်ငံရဲ့ တစ်နေရာကနေပြန်လာတဲ့ ထိုင်ဝမ်နိုင်ငံသား ၃ ယောက်ကို ရာဇဝတ်မှုကွင်းဆက်တွေနဲ့ ပတ်သက်လို့ သံသယရှိတာကြောင့်  ဩဂုတ် ၂၁ ရက်က ဖမ်းဆီးခဲ့တယ်လို့  ထိုင်ဝမ်ရဲဌာနရဲ့ ပြောဆိုချက်ကိုကိုးကားပြီး  Focus Taiwan သတင်းမှာ ရေးသားဖော်ပြပါတယ်။

အဆိုပါထိုင်ဝမ်နိုင်ငံသား ၃ ယောက်ဟာ လူ့အင်္ဂါအစိတ်အပိုင်းတွေနဲ့ လိင်ကျွန်ပြု မှောင်ခိုလုပ်ငန်းတွေနဲ့ဆက်နွှယ်နေတဲ့ မြန်မာနိုင်ငံထဲက “KK Park” လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့နေရာ တနေရာ ကနေပြန်လာခဲ့ကြတာဖြစ်ပြီး သူတို့ဟာ ထိုင်ဝမ်ရဲက အလိုရှိနေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆက်သွယ်ရေးဆိုင်ရာ ရာဇဝတ်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်မှုလည်း ရှိနိုင်တယ်လို့ ထိုင်ဝမ်ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာနက ပြောပါတယ်။

ဖမ်းဆီးထားတဲ့ ၃ ယောက်ထဲမှာ စာရွက်စာတမ်းနဲ့ ငွေအတုပြုလုပ်မှုတွေနဲ့ ထိုင်ဝမ်ရဲက အလိုရှိနေတဲ့ သံသယတရားခံတယောက်လည်း ပါဝင်ပါတယ်။ သူဟာလည်း အွန်လိုင်းကနေ ငွေလိမ်နေတဲ့ “KK Park” အခြေအစိုက် ရာဇဝတ်ဂိုဏ်းနဲ့ ပတ်သက်နိုင်တယ်လို့ ထိုင်ဝမ် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာနက ပြောပါတယ်။

ဖမ်းမိခဲ့ အဆိုပါတရားခံတယောက်ဟာ အင်တာနက်ကနေတဆင့် ကြင်ဖော်ရှာတဲ့ ဝက်ဘ်ဆိုက်တွေကို အသုံးပြုပြီး ရင်းနှီးလာသူတွေကို ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမည်ခံ အတုအယောင် ဝက်ဘက်ဆိုက်တွေကို သွားရောက်ကြည့်ရှုစေကာ လိမ်လည်မှုတွေ ဆောင်ရွက်တယ်လို့ ဆိုပါတယ်။

အဲဒီအမျိုးသားဟာ လူမှောင်ခိုကူးတဲ့လုပ်ငန်းတွေနဲ့ ပတ်သက်တယ်လို့တော့ ထိုင်ဝမ်ရဲက ထုတ်ပြန်ခြင်းမရှိပါဘူး။

ထိုင်ဝမ်ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာနက ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ထိုင်းလေဆိပ်မှာတင် ဖမ်းဆီးခဲ့တာဖြစ်ကြောင်းသိရပါတယ်။

စနေနေ့ညက “KK Park”ကနေ   ထိုင်ဝမ်ကို ဘန်ကောက်မှတဆင့် ပြန်လာတဲ့သူ ၁၆ ယောက်ရှိခဲ့ပြီး အဲဒီထဲမှာ လူပျောက်ကြေငြာထားသူ ၃ ယောက်ပါတာကြောင့် သူတို့ကတော့ လှည့်ဖျားမှုခံခဲ့ရသူ သားကောင်တွေဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“KK Park”မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မလေးရှားနိုင်ငံသားတွေလည်း ရှိနေပြီး မလေးရှားအစိုးရက လာရောက်ကယ်တင်မှာကို မျှော်လင့်နေကြတယ်လို့သိရပါတယ်။ 

“KK Park” ရှိရာဇဝတ်ဂိုဏ်းတချို့ဟာ နိုင်ငံတကာရဲ့ဖိအားကြောင့် တဖြည်းဖြည်းပြိုကွဲလာနေပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်တာတွေ အဖွဲ့ဝင်လျှော့ချတာတွေ လုပ်လာနေကြပြီလို့ ထိုင်ဝမ် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာနကပြောပေမဲ့  “KK Park” ဟာ မြန်မာပြည်ရဲ့ ဘယ်နေရာ မှာ ရှိတယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြတာမရှိပါဘူး။ 

Photo- CIB

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up