close

တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄-၅၆) နေအိမ်ကို အမျိုးသားအဆင့်ယဉ်ကျေးမှု အမွေအနှစ်အဖြစ် NUG သတ်မှတ်ကြေညာ

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာလိုက်ပါတယ်။ 

နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ထုတ်ပြန်တဲ့ စက်တင်ဘာ ၂ ရက်နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ချက်မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄-၅၆) ကို ကြားကာလ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်လို့ မြေနဲ့ အဆောက်အအုံနေရာကို ဘယ်သူမှ “ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများအား တင်းကြပ်စွာတားမြစ်သည်” လို့ ဖော်ပြထားပါတယ်။

တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉)၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်တဲ့ ဥပဒေ (၁၉၈၇) တို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နဲ့ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်က တက္ကသိုလ်ရိပ်သာလမ်း ခြံအမွေမှု အယူခံနဲ့ ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ တရားရုံးက  ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ပြီးနောက်မှာ အန်ယူဂျီက အခုလို အမိန့် ထုတ်ပြန်လိုက်တာပါ။ 

ခြံထဲက နှစ်ထပ်တိုက်ပါဝင်တဲ့အခြမ်းကို ဒေါ်အောင်ဆန်းစုကြည်၊ တထပ်တိုက်ပါတဲ့အခြမ်းကို ဦးအောင်ဆန်းဦးတို့ အသီးသီးခွဲဝေယူကြဖို့ ၂၀၁၆ ခုနှစ်မှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချတာကို မကျေနပ်တဲ့ ဦးအောင်ဆန်းဦးက အယူခံအဆင့်ဆင့်တက်ခဲ့ပြီး မအောင်မြင်ခဲ့ပေမယ့် အခုအာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အထူးအယူခံကို လက်ခံကာ ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့တာ ဖြစ်ပါတယ်။ 

တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်ဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရတဲ့ နေအိမ်ဖြစ်သလို ကမ္ဘာ့အထင်ကရ ခေါင်းဆောင်တွေလည်း လာရောက်ခဲ့ဖူးတဲ့ နေရာဖြစ်လို့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ အရေးပါတဲ့ သမိုင်းဝင်နေရာဖြစ် မြန်မာပြည်သူအများစုက သတ်မှတ်ထားတဲ့နေရာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up