close

ဆောမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရ

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုဒေသမှာ စက်တင်ဘာ ၃ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ The Youth Force (ဆော၊ကျောက်ထု) ကနေ သိရပါတယ်။

ကျောက်ထုအမြောက်တပ်ထဲကနေ အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုးလာချိန် စက်တင်ဘာ ၃ ရက် မနက် ၈ နာရီခွဲလောက်မှာ ကျောက်ထုPDF(YRPA)နဲ့ TYF(ဆော၊ကျောက်ထု)တို့ ပူးပေါင်းပြီး သရက်ချဉ်ရွာနဲ့ ကျောက်ထုမြို့ကြားမှာ လက်နက်ငယ်တွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့လို့ စစ်သား ၃ ယောက်ထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကာ အလောင်းတွေနဲ့ လူနာတွေကို ကားတစီးနဲ့လာသယ်သွားတယ်လို့ TYF ရဲ့ခေါင်းဆောင် ကိုဇင်ကိုဝင်းက ပြောပါတယ်။

စစ်ကောင်စီ ဘက်ကလည်း လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပြီး ကျောက်ထု အမြှောက်တပ် ကလည်း ၁၂၀မမ လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့လို့ မိနစ် ၃၀ လောက် အပြင်းထန် တိုက်ပွဲ ဖြစ်ပွားကာ မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ သြဂုတ် ၂၉ ရက်ကတည်းက ကျောက်ထုအမြှောက်တပ်ထဲကနေ စတင် ထွက်ခွာပြီး ဒေသခံပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းနဲ့ငွေကြေးတွေကို ခိုးယူတာတွေ ပြည်သူတွေ မွေးမြူထားတဲ့ ကြက်ဝက်တွေကို သတ်ဖြတ်စားသောက်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ကိုဇင်ကိုဝင်းက ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up