close

အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်ရှိ ရုရှားသံရုံးအပြင်ဘက်တွင် ဗုံးကွဲ

အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်ရှိ ရုရှားသံရုံးအပြင်ဘက်မှာ စက်တင်ဘာ ၅ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် သံရုံးဝန်ထမ်းနှစ်ယောက်နဲ့ အာဖဂန်အရပ်သား တယောက် ထက်မနည်း သေဆုံးခဲ့ပါတယ်။

အမည်မသိ စစ်သွေးကြွတစ်ယောက်က ဖောက်ခွဲရေးပစ္စည်းတွေကို ပစ်ချခဲ့တာဖြစ်ပြီး သံရုံးရဲ့ ကောင်စစ်ဝန်အခန်းအပြင်ဘက်မှာ ပေါက်ကွဲခဲ့တာလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အရပ်သားတယောက်ထက်မနည်း သေဆုံးပြီး တခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကဘူးလ်ရဲချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခါလစ်ဇာဒရန်က ပြောပါတယ်။

သံရုံးအပြင်ဘက်မှာ စောင့်နေတဲ့ လူအုပ်ကြီးအနားကို မရောက်မီ ဗုံးခွဲသူကို လုံခြုံရေးတပ်ဖွဲ့တွေက ဖော်ထုတ်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ 

ပေါက်ကွဲချိန်မှာ ရုရှားသံတမန်တစ်ဦးက ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားသူတွေရဲ့  နာမည်တွေကို ခေါ်ဖို့ အဆောက်အအုံထဲကနေ ထွက်လာခဲ့တယ်လို့ အာဖဂန်နစ္စတန် နိုင်ငံခြားရေးဌာနနဲ့ ရုရှားနိုင်ငံပိုင်သတင်းဌာနတွေမှာ ဖော်ပြပါတယ်။

အနောက်နိုင်ငံ ကျောထောက်နောက်ခံပြု အစိုးရကို တာလီဘန်တွေကဖြုတ်ချ အာဏာာသိမ်းပြီးနောက် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ဒီဖောက်ခွဲမှုဟာ ဘယ်သူ့လက်ချက်လည်းဆိုတာကတော့ ဘယ်အဖွဲ့ကမှ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

ဒီဖောက်ခွဲမှုနဲ့ ပတ်သက်လို့  ရုရှားအစိုးရကတော့ “လက်မခံနိုင်တဲ့ အကြမ်းဖက်လုပ်ရပ်”လို့ ပြောဆို ရှုတ်ချခဲ့ပါတယ်။

“အခုလုပ်ရမယ့် အဓိကအရာက ကျနော်တို့ သံတမန် ကိုယ်စားလှယ်တွေဖြစ်ပျက်ခဲ့တဲ့ သတင်းအချက်အလက်တွေကို မြေပြင်ကနေ သတင်းရယူဖို့ပဲ”လို့ ရုရှားသမ္မတနန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီပဲ့စ်ကို့ဗ်က နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သံရုံးဟာ တိုက်ခိုက်မှုအပြီးမှာ လုံခြုံရေးကို တိုးမြှင့်ထားပြီး တာလီဘန် ထောက်လှမ်းရေးဌာန အပါအဝင် တာလီဘန်အာဏာပိုင်တွေရဲ့ နောက်ထပ်တပ်ဖွဲ့တွေကိုလည်း ခေါ်ထားတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up