ယူရိုပါလိဂ်အဖွင့်ပွဲစဉ်တွင် မန်ယူရှုံးပွဲတွေ့ပြီး အာဆင်နယ်နိုင်ပွဲရ

ဒီကနေ့မနက်အစောပိုင်း ကစားသွားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ မန်ယူအသင်းရှုံးပွဲတွေ့ခဲ့ပေမယ့် အာဆင်နယ်အသင်းနိုင်ပွဲရခဲ့ပါတယ်။
မန်ယူအသင်းဟာ စပိန်ကလပ် ဆိုစီဒက်အသင်းကို အိုးထရက်ဖို့ဒ်မှာ လက်ခံကစားခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ပေးလိုက်ရတဲ့ ပင်နယ်တီဂိုးကို ပြန်လည်ချေပနိုင်ခြင်းမရှိခဲ့ဘဲ တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
နောက်ခံလူ မာတီနက်ဇ်ဟာ ပင်နယ်တီဧရိယာထဲမှာ လက်ထိဘောဖြစ်ခဲ့လို့ ပင်နယ်တီပေးခဲ့ရတာဖြစ်ပြီး အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ စီရော်နယ်ဒို ပါဝင်ကစားခဲ့ပေမဲ့ ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ ဂိုးသွင်းနိုင်ခြင်းမရှိခဲ့သလို ခေါင်းတိုက်သွင်းခဲ့တဲ့ ဂိုးဟာလည်း လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
မန်ယူအသင်းရဲ့ပွဲစဉ်မတိုင်ခင် အစောပိုင်းမှာကစားခဲ့တဲ့ အာဆင်နယ်အသင်းကတော့ ဆွစ်ဇာလန်ကလပ် ဇူးရစ်ချ်ကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။
လူငယ်ကစားသမားသစ် မာကွင်ဟို့စ်က ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှာ ပင်နယ်တီကနေ တဆင့်ချေပဂိုးပေးရပါတယ်။
အာဆင်နယ်အတွက်အနိုင်ဂိုးကို ဒုတိယပိုင်း ၆၂ မိနစ်မှာ အန်ကတ်တီယာက သွင်းယူပေးခဲ့တာပါ။ တခြားအင်္ဂလန်ကလပ်အသင်း ဝက်စ်ဟမ်းရဲ့ ယူရိုကွန်းဖရန့်လိဂ်ပွဲစဉ်မှာတော့ ရိုမေးနီးယားကလပ် FCSB ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။