close

စစ်ကိုင်း-မုံရွာလမ်းပိုင်းကို ညပိုင်းအသုံးမပြုရန် Zero ပြောက်ကျားတပ်ဖွဲ့ သတိပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကနေ မုံရွာဘက်ကိုသွားတဲ့ လမ်းပိုင်းကို စက်တင်ဘာ ၂၃ ရက်ကစပြီး ည ၈ နာရီခွဲကနေ မနက် ၄ နာရီခွဲအထိ လမ်းအသုံးပြု သွားလာတာတွေ မပြုလုပ်ဖို့ Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အခုလို လမ်းပိုင်းသွားလာရေး ပိတ်ဆို့ရတာဟာ စစ်ကောင်စီတပ်က ပြည်သူတွေရဲ့ ကားဟန်ဆောင်ပြီး ညပိုင်းတွေမှာ လှုပ်ရှား‌သွားလာနေတာကြောင့် အခုလို ပိတ်ဆို့ရတာလို့ ဆိုပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တာဝန်ရှိသူ ကိုသက်ကြီးက “ကျနော်တို့ မနေ့ စက်တင်ဘာ ၂၂ ရက် ညပိုင်းက စစ်ကိုင်း ၃၃ တပ်ကနေ စစ်(--)တွေက စစ်ကား ၃ စီးနဲ့ မုံရွာဘက်ကို တက်လာတယ်။ သူတို့ စစ်ကား ၃ စီးကို အုန်းတောလမ်းခွဲမှာ ထားခဲ့ပြီး နာရေးကူညီမှုအသင်း ကားတွေ၊ နာရေးကူညီမှုအသင်း ဝတ်စုံတွေသုံးပြီး မုံရွာကို ထပ်ထွက်လာခဲ့တယ်။ အဲလိုထွက်လာတာကို သိလို့ ကျနော်တို့ ထီးဆောင်းနဲ့ ကံပြားရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်။ သေဆုံးတဲ့အခြေအနေကတော့ မသိရဘူး။ ကားကတော့ ပျက်စီးတာတွေတော့ရှိတယ်။ အဲ့ကားတွေကို မြင်းမူ မြတ်သုခနာ‌ရေးအသင်းမှာ ထားခဲ့ပြီး မြောင်ဘက် ထပ်ထွက်သွားတယ်။ ကျနော်တို့ သိရသလောက်ကတော့ မြောင်မြို့ဘက်ကို လက်နက်၊ ကျည်သွားပို့တာလို့ သိထားတယ်။ အဲဒါကြောင့် စစ်ကောင်စီက ပြည်သူ့ကား ဟန်ဆောင်ကာ စစ်ကိုင်းတိုင်းအတွင်းက စစ်(--)တွေဆီ လက်နက်၊ ကျည်၊ ရိက္ခာ ထောက်ပို့လုပ်နေတာကို တွေ့ရလို့ အခုလို ပိတ်ဆို့ရတာ” လို့ ပြောပါတယ်။

ဆက်လက်ပြီး ကိုသက်ကြီးက “လမ်းပိတ်ဆို့တာကို စစ်ရေးအခြေအနေပေါ် မူတည်ပြီး ပြန်လည်ဖွင့်ပေးသွားမယ်။ လိုက်နာမှုမရှိဘူးဆိုရင် ကျနော်တို့အနေနဲ့ မိုင်းခွဲတိုက်ခိုက်တာတို့၊ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်သွားမယ်ဗျ။ ဖြစ်လာလို့ မှားယွင်းခဲ့ရင်လည်း တာဝန်ယူ ဖြေရှင်းသွားမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

အခုလို နာရေးကူညီမှုအသင်းကားဟန်ဆောင်ကာ အသုံးပြုခဲ့တဲ့ စစ်ကောင်စီတပ်ကို မြင်ခြံ Zero ပြောက်ကျားတပ်ဖွဲ့၊ Zero power စစ်ကိုင်းအဖွဲ့၊ နွေဦးရဲဘော်အဖွဲ့ သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up