ရုရှားနှင့်ခရိုင်းမီးယားကို ဆက်ထားသည့် တံတား ပေါက်ကွဲမှုဖြစ်

ရုရှားနဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ချိတ်ဆက်ထားတဲ့ ရထားလမ်းနဲ့ ကားလမ်းပါတဲ့ ဗျူဟာမြောက် တံတားတစင်း အောက်တိုဘာ ၈ ရက်က ပေါက်ကွဲခဲ့လို့ ယာဉ်ကြောတခုပါတဲ့ လမ်းပိုင်းတခု ပြိုကျခဲ့ပါတယ်။
ယူကရိန်း အရာရှိတွေဆီက သတင်းစကား ထွက်ခဲ့ပေမယ့် တိုက်ရိုက် တာဝန်ခံတာတော့ မလုပ်ခဲ့ပါဘူး။
ကုန်ကားတစီး တံတားပေါ်မှာ ပေါက်ကွဲခဲ့လို့ ခရိုင်းမီးယား ကျွန်းဆွယ်ဆီကို သွားတဲ့ လောင်စာဆီ တင် ရထားရဲ့ လောင်စာတွဲ ၇ ခုပါ မီးလောင်ခဲ့တာလို့ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။ တံတားရဲ့ ယာဉ်ကြော ၂ခုပါတဲ့ လမ်းပိုင်း တစိတ်တပိုင်း ပြိုကျခဲ့ပါတယ်။
ရုရှားဟာ ခရိုင်းမီးယားဒေသကို ယူကရိန်းလက်ကနေ ၂၀၁၄ ခုနှစ်က သိမ်းယူခဲ့တာပါ။
အဲဒီနောက် ၄ နှစ်အကြာမှာ ရုရှသမ္မတ ဗလာဒီမာပူတင်က ရုရှားရဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်နဲ့ ချိတ်ထားတဲ့ ၁၂ မိုင်ရှည်တဲ့ တံတားကို ကြီးကျယ်တဲ့ အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။
ဒီတံတားဟာ ယူကရိန်းနိုင်ငံတောင်ပိုင်း ခါဆွန်ဒေသရဲ့နေရာ အများစုကို ထိန်းချုပ်ထားတဲ့ ရုရှားတပ်တွေအတွက် မရှိမဖြစ် အရေးပါတဲ့ ထောက်ပံ့ရေး လမ်းကြောင်းလည်း ဖြစ်ပါတယ်။
တံတားပေါ်က ကုန်ကား ပေါက်ကွဲမှုကြောင့် ကုန်ကားနားက ဖြတ်မောင်းတဲ့ ကားပေါ်က ဖြစ်နိုင်တဲ့ လူ ၃ယောက် သေဆုံးတယ်လို့ ရုရှား စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ တမင်သက်သက် တိုက်ခိုက်မှု ဟုတ်၊ မဟုတ် မသိရသေး ပါဘူး။
ရုရှားသမ္မတရဲ့ အသက် ၇၀ ပြည့်မွေးနေ့ပြီး နောက်နေ့မှာ တံတားပေါက်ကွဲ ပြိုကျခဲ့တာလည်း ဖြစ်ပါတယ်။