close

ကျည်ဆန်များတွေ့ရှိသဖြင့် မြစ်ကြီးနား-မန္တလေးလိုင်းကား ၂ စီးကို အင်းတော်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၁၃ ရက် နေ့လယ် ၃ နာရီလောက်က  မြစ်ကြီးနားဘက်ကနေ မန္တလေးဘက်ကို ဆင်းလာတဲ့ ခရီးသည်တင်လိုင်းကား ၂ စီးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ‌ Indaw Revolution-IR အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

"ခရီးသည်တင်လိုင်းကား နှစ်စီး အင်းတော်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက ဖမ်းဆီးထားတယ်။ အင်းတော်ရဲစခန်းရှေ့မှာ ဖမ်းဆီးထားပြီး ခရီးသည်တွေကိုလည်း ကားပေါ်ကနေမဆင်းခိုင်းဘူး။ လက်နက်ခဲယမ်းမိတယ်လို့ကြားတယ်”လို့  Indaw Revolution-IR အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တက်နေလင်း  မှန်လုံယာဉ်ကားတစ်စီးပေါ်မှာ တင်ဆောင်လာတဲ့ ဆန်အိတ်တွေထဲမှာ ကျည်ဆန်တွေစစ်ဆေးတွေ့ရှိခဲ့တာလို့ စစ်ဆေးရေး ဂိတ်နဲ့နီးစပ်သူထံက သိရပါတယ်။

အင်းတော်ဂိတ်အနီး နေထိုင်သူ အမျိုးသားတစ်ဦးက  "မြစ်ကြီးနားကနေ မန္တလေးဆင်းတဲ့ ကားပေါ်က ကျည်ဆန်တွေ ဖမ်းမိတာ။ ဆန်အိတ်တွေထဲက ဖမ်းမိတာ။ ကျည်ဆန်ကတော့ များပုံရတယ်။ အရေအတွက်တော့ သေချာမသိဘူး။ ကားကိုတော့ ခုချိန်ထိ ဖမ်းထားတုန်းပဲ" လို့ ပြောပါတယ်။

ယာဉ်မောင်းကလည်း ကျည်ဆန်တွေပါမှန်း မသိလို့တင်လာတာဖြစ်မယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"နှစ်စီးဗျ ကားပေါ်ကဖမ်းခံရတဲ့သူမရှိဘူး ပစ္စည်းပဲပါလာတာ လူမပါဘူး ပစ္စည်းတွေက ဆန်အိတ်ထဲထည့်ထားတာ။ ခရီးသည်တွေကတော့ ကားပေါ်မှာ ဘယ်မှမသွားခိုင်းဘဲ တရက်တော့ထိန်းသိမ်းခံလိုက်ရတာပေါ့" လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ကားပေါ်ပါလာတဲ့ ကျည်ဆန်တွေဟာ ဘယ်အဖွဲ့က တင်ဆောင်ပေးလိုက်တာ မသိရှိရသေးတဲ့အတွက် ကျည်ဆန်တွေ့ရှိရာ ခရီးသည်တင်ယာဉ်ကို အင်းတော်ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးစစ်‌ဆေးပြီးနောက် ခရီးသည်တင်လိုင်းကားကို အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်ရှိ နန့်စီးအောင်စစ်ဆေးရေး ဂိတ်မှာလည်း ၂၀၂၂ ခုနှစ်အတွင်း လက်နက်ခဲယမ်းတွေ ဖမ်းဆီးခံရမှုတွေ မကြာခဏရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up