တူရကီကျောက်မီးသွေးတွင်း ပေါက်ကွဲမှု သေဆုံးသူ ၄၀ အထိရှိလာ

တူရကီနိုင်ငံမြောက်ပိုင်း၊ ဘာတင်ပြည်နယ်မှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ အယောက် ၄၀ ရှိသွားပြီဖြစ်ပြီး ပျောက်ဆုံးနေတဲ့ လုပ်သားတယောက်ကိုလည်း ဆက်လက် ရှာဖွေနေကြောင်း ပြည်ထဲရေးဝန်ကြီး ဆူလေးမန်ဆွိုင်လူက အောက်တိုဘာ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၁၄ ရက် ပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ မိုင်းတွင်းမှာ အလုပ်လုပ်နေတဲ့ လူ ၁၁၀ ထဲက ၅၈ ယောက်ဟာ အဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့တာရော သူတို့ဖာသာ ထွက်လာနိုင်ကြတာကြောင့် လွတ်မြောက်လာကြပြီး မိုင်းတွင်းလုပ်သား တယောက်နဲ့ပတ်သက်ပြီး သေချာမသိရ သေးကြောင်းလည်း ပြောပါတယ်။
သတ္တုတွင်းလုပ်သား ၁၀ ဦးဟာ ဘာတင်နဲ့ အစ္စတန်ဘူလ်တို့မှာ ကုသမှု ခံယူနေရဆဲဖြစ်ပြီး လုပ်သားတယောက်ကတော့ ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ဒီနေ့အစောပိုင်းမှာ အာမက်စ်ရာမြို့က ဒေသခံမြို့တော်ဝန်ကတော့ သေဆုံးသူ အရေအတွက်ကို ၂၈ ယောက်လို့ ပြောကြားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ဆောင်မှုတွေကိုလည်း ရပ်နားခဲ့ပါတယ်။
ဒါပေမဲ့ မိုင်းတွင်းလုပ်သားတွေနဲ့ သူတို့အဖွဲ့တွေဟာ ပျောက်ဆုံးနေတဲ့ မိုင်းတွင်းလုပ်သားကို ရှာဖွေဖို့ ဆက်လက်ကြိုးပမ်းနေကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
စွမ်းအင်ဝန်ကြီးကတော့ မြေပြင်အောက် ၃၅၀ မီတာအကွာမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအပြီးမှာ မိုင်းတွင်းထဲက မီးကို အကြီးအကျယ် ငြိမ်းသတ်နိုင်ခဲ့ပြီး မီးကို သီးခြား ခွဲထုတ်ခြင်းနဲ့ အအေးပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေကြောင်း ပြောပါတယ်။