close

ကင်ညာရဲတပ်ဖွဲ့၏ မှားယွင်း ပစ်ခတ်မှုကြောင့် ပါကစ္စတန်သတင်းထောက် သေဆုံး

ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမှာ ရဲတပ်ဖွဲ့က လိုက်ဖမ်းနေတဲ့ ကားသူခိုးတွေက ကားလမ်း အရံအတားတွေကို မရပ်ပေးဘဲ ဖြတ်တိုက် မောင်းထွက်ရင်း ပစ်ခတ်ခဲ့လို့  လူသိများတဲ့ ပါကစ္စတန် သတင်းထောက် အာရှဒ်ရှာရိဖ် စီးလာတဲ့ကားကို ထိမှန်ပြီး သတင်းထောက် သေဆုံးခဲ့တယ်လို့ ကင်ညာရဲတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်မှာ ပြောပါတယ်။

မြို့တော်ရဲ့ ဆင်ခြေဖုံးမှာ ည ၁၀ နာရီက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေတယ် လို့ ကင်ညာရဲတပ်ဖွဲ့က ပြောပါတယ်။ 

ပစ်ခတ်မှုကို လူမှားပစ်ခတ်မှုတစ်ခုအဖြစ် သဘောထားတယ်လို့ ကင်ညာ အကြီးတန်းရဲအရာရှိ တဦးက The Star သတင်းစာကို ပြောပါတယ်။ 

ရှာရစ်ဖ်သေဆုံးမှုအခြေအနေကြောင့် ပါကစ္စတန်မှာ ကျယ်ကျယ်ပြန့်ပြန့် ဒေါသထွက်ခဲ့ပြီး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။ 

ရှရစ်ဖ်ဟာ ပါကစ္စတန်အခြေစိုက် ARY News သတင်းဌာနအတွက် ရုပ်သံသတင်း တင်ဆက်သူအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူပါ။

မကြာသေးမီက သူ့အသက်အန္တရာယ်ကြောင့် ပါကစ္စတန် နိုင်ငံကနေ ထွက်ပြေးခဲ့ပြီး ကင်ညာကို ရောက်လာတဲ့အချိန်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရှာရစ်ဖ်ရဲ့ ဆွေမျိုးတစ်ဦးက ကားကို မောင်းလာတယ်လို့ ရဲမှတ်တမ်းက ဖော်ပြထားပါတယ်။ ကျည်ဆန်ကိုးချက် ကားကို ထိမှန်ခဲ့ပြီး ကျည်တချက်က ရှာရစ်ဖ်ရဲ့ ဦးခေါင်းကို ထိမှန်ခဲ့တာပါ။

ကင်ညာရဲ့ အရပ်သား စောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ လွတ်လပ်သော ရဲတပ်ဖွဲ့ ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့က ရှာရစ်ဖ် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး စတင် စုံစမ်းစစ်ဆေးခဲ့တယ်လို့ အဖွဲ့ ဥက္ကဋ္ဌ အန်း မာကိုရီက အောက်တိုဘာ ၂၄ ရက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up