close

ဗြူတီးဘလော့ဂါ ဝင်းမင်းသန်းနှင့် အဆိုတော်ပိုပိုတို့ အင်းစိန်ထောင်မှ ပြန်လွတ်

စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ်ချခံထားရတဲ့ ဗြူတီးဘလော့ဂါ ဝင်းမင်းသန်းနဲ့ အဆိုတော် ပိုပိုတို့ ရန်ကုန် အင်းစိန်ထောင်ကနေ အောက်တိုဘာ ၂၈ ရက်ညက  ပြန်လည်လွတ်မြောက် လာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဆိုတော်ပိုပိုနဲ့ ဝင်းမင်းသန်းတို့ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် ဖမ်းဝရမ်း ထုတ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ် ‌ဧပြီလအတွင်း ဖမ်းဆီးခဲ့ရကာ ဒီဇင်ဘာလမှာတော့ ပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မတချို့နဲ့  ထောင်ဒဏ် ၃ နှစ်စီ ချခံခဲ့ရတာပါ။

အခုနှစ် မတ်လက အနုပညာရှင်တချို့ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့  လွှတ်ပေးခဲ့ပေမယ့် သူတို့နှစ်ဦး မပါဝင်ဘဲ ထောင်ဒဏ်ကျခံရပြီး ၁ နှစ်ကျော်အကြာမှ ပြန်လွတ်မြောက်လာတာဖြစ်ပါတယ်။

ဒါရိုက်တာ မိုက်တီးကိုတော့ အခုနှစ် မတ်လ ၁၁ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခဲ့ကာ ၇ လကျော်အကြာ မနေ့ညက ပြန်လွတ်လာတယ်လို့ ကြားသိရပေမယ့် DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါမှာကျင်းပတဲ့ ဂီတ‌ဖျော်ဖြေပွဲ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကချင်တိုင်းရင်းသားအနုညာရှင်တွေ သေဆုံး ထိခိုက်ဒဏ်ရာရပြီးနောက် အခုလို အကျဉ်းကျခံနေရတဲ့ အနုပညာရှင်တချို့ကို စစ်ကောင်စီကပြန်လွှတ်ပေးတာဖြစ်ပါတယ်။ 

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးပြီး ပြည်သူနဲ့အတူ ရပ်တည်ခဲ့ကြတဲ့   ရုပ်ရှင်၊ ဂီတ၊ စာပေနယ်ပယ်က အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာ လူသိများကျော်ကြားသူ ရာနဲ့ချီပြီး  စစ်ကောင်စီက ပုဒ်မ ၅၀၅-က အပါအဝင် စွဲချက်တွေနဲ့ အမှုဖွင့် ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အကျဉ်းထောင်နဲ့ စစ်ကြောရေးစခန်းတွေမှာ သရုပ်ဆောင်မင်းသား ရဲတိုက်၊  ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ အဆိုတော် စောဖိုးခွား၊ အဆိုတော် အီတိုး၊  စာရေးဆရာမ သန်းမြင့်အောင်၊ စာရေးဆရာ မောင်သာချို၊ စာရေးဆရာ ထင်လင်းဦး ၊ ပန်းချီဆရာ ထိန်လင်း စတဲ့ ထင်ရှားတဲ့ အနုပညာရှင်တွေ ပြန်မလွတ်သေးဘဲ ဆက်လက်ကျန်ရှိနေပါတယ်။ 

ပုဒ်မ ၅၀၅ (က)ဟာ  မည်သူကိုမဆို နိုင်ငံသားတစုကို ဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေ ထိတ်လန့်စေလျှင် (သို့) ထိတ်လန့်စေရန် ကြံရွယ်လျှင်၊ မမှန်ကန်ကြောင်း ကြိုတင်သိရှိလျှက် မမှန်သတင်းများ ဖြန့်ဝေမှု ပြုလုပ်လျှင် (သို့) ဖြန့်ဝေရန် ကြံရွယ် လျှင်၊ အစိုးရဝန်ထမ်း တဦးဦးကို ဖြစ်စေ၊ အစိုးရဝန်ထမ်းတဖွဲ့ကိုဖြစ်စေ၊ အစိုးရဝန်ထမ်းများကိုဖြစ်စေ ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပြုလုပ်လျှင် (သို့) ထိုသို့ ကျူးလွန်စေရန် ကြံရွယ်လျှင် (သို့) လှုံ့ဆော်လျှင် ထောင်ဒဏ် ၃ နှစ်အတိ အရေးယူနိုင်တယ်လို့ ပြဋ္ဌာန်းပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up