ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ရေပန်းစားအသင်းများ – စပိန်

လူငယ်တွေအားနဲ့ ရုန်းကန်လာမယ့် စပိန်အသင်း
စပိန်အသင်းနည်းပြ လူးဝစ် အင်းနရစ်ဟာ ကာတာကမ္ဘာ့ဖလားပွဲဝင်မယ့် သူ့ရဲ့အသင်းကို နေးရှင်းလိဂ်မှာ အောင်မြင်ခဲ့တဲ့ လူစာရင်းကိုပဲ အခြေခံပြီး ရွေးထားတာ တွေ့ရပါတယ်။ စပိန်အသင်းဟာ လတ်တလောယှဉ်ပြိုင်ခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ပေါ်တူဂီကို ကျော်ဖြတ်ပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်ထားတာပါ။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေ ယှဉ်ပြိုင်ခဲ့ရာမှာလည်း စပိန်အသင်းဟာ အုပ်စုတွင်းမှာ ဆွီဒင်အသင်းကိုပဲ အမှတ်မထင် ရှုံးနိမ့်ခဲ့ပြီး ၆ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ်နဲ့ ဆွီဒင်နဲ့ ဂရိစ်တို့ကို ကျော်ဖြတ်ပြီး အုပ်စုဗိုလ်နေရာကနေ တိုက်ရိုက်အောင်မြင်ခဲ့တာပါ။
စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အခုနှစ်အပါအဝင် ၁၅ ကြိမ် ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး ၂၀၁၀ ပြိုင်ပွဲတကြိမ်ပဲ ဗိုလ်စွဲထားပေမဲ့ ဥရောပဖလားပြိုင်ပွဲမှာတော့ ၃ ကြိမ်အထိ ဗိုလ်စွဲထားပါတယ်။
ကစားသမားရင်းမြစ် ပေါကြွယ်လှတဲ့ စပိန်အသင်းမှာ နည်းပြတွေအတွက် ခေါင်းကိုက်စရာတခုကတော့ ကစားသမားရွေးချယ်ရတဲ့ အခက်အခဲပါပဲ။ ပြိုင်ပွဲတခုနီးလို့ လက်ရွေးစင်အသင်းအတွက် ကစားသမားရွေးချယ်ရပြီဆိုရင် နည်းပြတွေ အမြဲလိုလို ဝေဖန်ခံရလေ့ရှိပါတယ်။ အခု နည်းပြအင်းနရစ်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား ရွေးချယ်ခဲ့ရာမှာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ဒါပေမဲ့ အသင်းရဲ့ တာဝန်အရှိဆုံး ဖြစ်တာနဲ့အညီ နည်းပြ အင်းနရစ်က ဘယ်သူ ဘာပြောပြော နားမယောင်ဘဲ သူ့စိတ်ကြိုက် ပုံဖော်နိုင်မယ့် ကစားသမားတွေကိုပဲ ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ပါတယ်။
နည်းပြ အင်းနရစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်းမှာ ဂါဗီ၊ ပက်ဒရီ စတဲ့ ဆယ်ကျော်သက်လူငယ်နှစ်ဦး အပါအဝင် လူငယ်အများစုနဲ့ အတွေ့အကြုံရင့် လူဟောင်းတချို့ဖြစ်တဲ့ ဘူးစကွက်၊ မိုရာတာ၊ ဆာရာဘီယာ၊ ကာဗာဟယ် တို့ကို ရွေးချယ်ထားပါတယ်။ အသင်းမှာ အသက် ၃၀ နဲ့အထက် ကစားသမား ၇ ဦးပဲ ပါပြီး ကျန်ကစားသမားတွေက လူငယ်အများစု ဖြစ်ပါတယ်။ အင်းနရစ် ရွေးချယ်ထားတဲ့ လူငယ်ကစားသမားလေးတွေဟာ အသက်အရွယ် ငယ်ရွယ်တယ် ဆိုပေမဲ့ သူတို့ရဲ့ မိခင်ကလပ်တွေမှာတော့ ခြေစွမ်းပြနေတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ လာမယ့် ကမ္ဘာ့ဖလားမှာ လူငယ်သွေးသစ်တွေနဲ့ လူဟောင်းတွေ အချိုးညီ ဝန်းရံလာမယ့် စပိန်အသင်းဟာ စောင့်ကြည့်ချင်စရာကောင်းတဲ့အသင်း ဖြစ်နေတာပါ။
စပိန်အသင်းဟာ လာမယ့်ကမ္ဘာ့ဖလား အုပ်စု E မှာ ဂျာမနီ၊ ဂျပန်၊ ကော်စတာရီကာတို့နဲ့ ကျရောက်နေတဲ့အတွက် အုပ်စုအနေအထားအရ အမှားခံလို့မရတဲ့ အနေအထား ဖြစ်ပါတယ်။ ဥရောပပြိုင်ဘက် ဂျာမနီနဲ့ တွေ့နေသလို အာရှထိပ်သီး ဂျပန်နဲ့ ကွန်ကာကပ်ဖ်ဇုန်က ကော့စတာရီကာတို့ကိုလည်း သတိထား ယှဉ်ပြိုင်ရမှာပါ။
ဒါပေမဲ့လည်း ဖီဖာအဆင့်သတ်မှတ်ချက် ၇ နေရာမှာရှိနေတဲ့ စပိန်အသင်းဟာ လက်ရှိအနေအထားအရ ကျန်အသင်းတွေထက် နှာတဖျားသာနေတယ်လို့ ပြောနိုင်ပြီး ဂျာမနီအသင်းနဲ့ပဲ အုပ်စုဗိုလ်နေရာ လုရဖွယ်ရှိနေပါတယ်။ ပွဲစဉ်အနေအထားအရ စပိန်အသင်းပါဝင်တဲ့အုပ်စုက အုပ်စုပထမရတဲ့ အသင်းဟာ ရှုံးထွက်အဆင့်ကို ကျော်ဖြတ်နိုင်ရင် ကွာတားဖိုင်နယ်မှာ တောင်အမေရိကထိပ်သီး ဘရာဇီးနဲ့ ဆုံနိုင်ဖွယ်ရှိနေတာမို့ ချန်ပီယံဖြစ်ရေး လမ်းကြောင်းက ခက်ခဲကြမ်းတမ်းပြီး စပိန်လူငယ်လေးတွေ ဘယ်လောက် ရုန်းကန်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
စပိန်အသင်းဟာ အုပ်စုပွဲစဉ်တွေအဖြစ် နိုဝင်ဘာ ၂၃ ရက်မှာ ကော်စတာရီကာ၊ နိုဝင်ဘာ ၂၇ ရက်မှာ ဂျာမနီ၊ ဒီဇင်ဘာ ၁ ရက်မှာ ဂျပန်အသင်းတွေနဲ့ အသီးသီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်း
ဂိုး - ဆီမွန် (ဘီလ်ဘာအို)၊ ဆန်းချက်ဇ် (ဘရိုက်တန်)၊ ရာယာ (ဘရန့်ဖို့ဒ်)
နောက်တန်း - အက်ဇ်ပီလီကျူတာ (ချဲလ်ဆီး)၊ ကာဗာဟယ် (ရီးရဲလ်မက်ဒရစ်)၊ အဲရစ် ဂါစီယာ (ဘာစီလိုနာ)၊ ပေါ တောရက်စ် (ဗီလာရီးရဲလ်)၊ ဂျော်ဒီ အယ်လ်ဘာ (ဘာစီလိုနာ)၊ လူးဝစ္စ ဂါယာ (ဗလန်စီယာ)၊ ဟူဂို ဂွီလာမွန် (ဗလန်စီယာ)၊ လာပေါ့ (မန်စီးတီး)
အလယ်တန်း - ဆာဂျီယို ဘူးစကွက် (ဘာစီလိုနာ)၊ ရိုဒရီ (မန်စီးတီး)၊ ဂါဗီ (ဘာစီလိုနာ)၊ ပက်ဒရီ (ဘာစီလိုနာ)၊ ကားလို့စ် ဆိုလာ (ပီအက်စ်ဂျီ)၊ ကိုကီ (အက်သလက်တီကိုမက်ဒရစ်)၊ လော်ရန်တေး (အက်သလက်တီကိုမက်ဒရစ်)
ရှေ့တန်း - ဆာရာဘီယာ (ပီအက်စ်ဂျီ)၊ ဝီလျံစ် (ဘီလ်ဘာအို)၊ အဆန်စီယို (ရီးရဲလ်မက်ဒရစ်)၊ မိုရာတာ (အက်သလက်တီကိုမက်ဒရစ်)၊ ဖယ်ရန် တောရက်စ် (ဘာစီလိုနာ)၊ ပီနို (ဗီလာရီးရဲလ်)၊ အိုလ်မို (လိုက်ပ်ဇစ်)၊ အန်ဆု ဖာတီ (ဘာစီလိုနာ)
မောင်လူစိမ်း
Photo Credit-SEFutbol