close

မကွေးတိုင်းတွင် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရွာမီးရှို့

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၂၆ ရက် မနက်က ကိုင်းလယ်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးပြီး ကိုင်းလယ်ရွာရှိ လူနေ အိမ်ခြေ ၅၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ YRF ဗိုလ်နားပေါက်အဖွဲ့နဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

မနေ့ မနက် ၆ နာရီကျော်လောက်မှာ  YDF တပ်ဖွဲ့၊ ရေနံချောင်း-PDF၊ ပခုက္ကူခရိုင်တပ်ရင်း(၇)တို့နဲ့ ပူးပေါင်းတိုက်ခိုက်ကာ ရဲစခန်းကို မီးရှို့ ဖျက်ဆီးခဲ့ရာမှာ ရဲ ၈ ယောက်နဲ့ ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ရဲဘော် နှစ်ယောက် သေဆုံးခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း(၁၂) - YRF ရဲ့ တာဝန်ခံ ဗိုလ်နားပေါက်က ပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီဘက်က ရဟတ်ယာဥ် နှစ်စီးနဲ့ စက်သေနတ်တွေ၊ ဗုံးတွေနဲ့ ပစ်ကူပေးပြီး စခန်းစွန့်ခွာသွားချိန် ကျန်နေတဲ့ စစ်သားတွေနဲ့ တပ်ကုန်းရွာက ပျူစောထီးတွေနဲ့ ပူးပေါင်းကာ ကိုင်းလယ်ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ကိုင်းလယ်ကျေးရွာ ဒေသခံတယောက်က “တိုက်ပွဲစတဲ့ချိန် ဘေးလွတ်ရာကို ရှောင်နေကြတယ်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးသွားတော့ ပြည်သူတွေ ရွာထဲကို ပြန်ဝင်ချိန် စစ်တပ်က အင်အားအလုံးအရင်းနဲ့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့  ပစ်ခတ်လို့ နောက်ထပ် ထွက်ပြေးခဲ့ ရတယ်”လို့ ပြောပါတယ်။

ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတဲ့အချိန် စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကလေးငယ် နှစ် ယောက် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိသွားတယ်လို့လည်း ဆိုပါတယ်။

ကျေးရွာရှိ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်တဲ့ သူတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုင်ကယ်တွေနဲ့ ပို့ပေးသလို နွားလှည်းတွေ၊ ခြေလျင်တွေ လည်း ထွက်ပြေး တိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မွန်းလွဲ ၁ နာရီကျော်လောက်မှာ ရွာတောင်ဖျားကနေ မီးရှို့ဖျက်ဆီးပြီး ညနေပိုင်းမှာလည်း နောက်တကြိမ် မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ အနက် ၅၀ လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက်ကနေ ၂၆ ရက်အထိ စစ်တပ် မီးရှို့ ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၆၀၀ ကျော် လောက်မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

နိုဝင်ဘာ ၂၆ ရက် ညနေ ၅ နာရီ ၄၀ မိနစ်လောက်မှာ ပေါက်မြို့နယ်က  ဇီပြားရဲစခန်းက ပျူစောထီး သင်တန်းနေရာကို ဒရုန်းနဲ့ အီနာဂါဗုံးသီးချ တိုက်ခိုက်ခဲ့လို့ ပျူစောထီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာတော့ သူတို့ဘက်က အထိခိုက်အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

နိုဝင်ဘာ ၂၅ ရက်မနက်ပိုင်းကလည်း စစ်ကောင်စီတပ်ကို မြိုင် ပ.က.ဖနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေက ဒရုန်းတွေ၊ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြား ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့  ဂန့်ဂေါမြို့နယ်  ရှုံးရှိ ရွာသား တယောက် ဒဏ်ရာရကာ နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ 

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ နေအိမ်တလုံး မီးလောင်ခဲ့တာကြောင့် ဒေသခံတွေ ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့ကာ  အနည်းအကျဉ်းသာ လောင်ကျွမ်းခဲ့ပြီး နောက်ထပ်အိမ် တလုံးက တော့ ခေါင်မိုးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့  ရွာသားက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၂၅ ရက်နေ့ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာလည်း လုံဟောရွာဘက် ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ်ထဲမှာ  PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များလာလို့ စစ်ကောင်စီဟာ တပ်အင်အား အလုံးအရင်းသုံးကာ ထိုးစစ်ဆင်ပြီး နယ်မြေ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ကျေးရွာတွေ ကို မီးရှို့ ဖျက်ဆီးတာ၊ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေ ခိုးယူတာတွေအပြင် ဒေသခံတွေ ကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up