close

စစ်တွေပြည်နယ်အစိုးရရုံးရှေ့ ဓာတ်အားဖြန့်ဖြူးရေးပစ္စည်းများ အခိုးခံရ၊ နေအိမ် ၁၀၀ ကျော် မီးပြတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးရှေ့ရှိ Transformer မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး တန်ဖိုးရှိပစ္စည်းတွေ နိုဝင်ဘာ ၂၈ ရက် မနက် ၂ နာရီလောက်က အခိုးခံခဲ့ရတာကြောင့် စစ်တွေ ဘောလုံးကွင်းရပ်ကွက်မှ လူနေအိမ် ၁၀၀ ကျော်လောက် လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘောလုံးကွင်းရပ်ကွက် ဒေသခံတဦးက “ဒီနေ့မနက် အရုဏ်ကတည်းက လျှပ်စစ်မီးပြတ်နေတာ အခု ညနေ ၆ နာရီအထိ လျှပ်စစ်မီး မရသေးပါဘူး။ လျှပ်စစ်ရုံးက တာဝန်ရှိသူတွေက အဲဒီ အခိုးခံရတဲ့ကြိုးတွေကို ရပ်ကွက်ကလူတွေက စုပေါင်းကျခံရမယ်လို့ ပြောတယ်။ ကျနော်တို့ စုပေါင်းပြီး ပေးနိုင်ပါတယ်။ နောက်တကြိမ် ဒီလိုမပျောက်ဖို့ သူတို့တာဝန်ခံရမှာ။ အခုက တနေရာတည်း မဟုတ်တော့ဘူး။ စစ်တွေမြို့အနှံ့မှာ ဖြစ်နေတာ” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနက် ၂ နာရီလောက်က ပြည်နယ်အစိုးရရုံးဝင်းရှေ့ရှိ Transformer နဲ့ Outdoor Panel ကို ဆက်သွယ်ထားတဲ့ မီးကြိုးတွေ ခိုးယူခံခဲ့ရတာကြောင့် ဘောလုံးကွင်းရပ်ကွက်ရှိ လူနေအိမ် ၁၀၀ ကျော် အခုအချိန်အထိ လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ ရပ်ကွက်ဒေသခံတွေက ပြောပါတယ်။

လက်ရှိ စစ်တွေမြို့မှာ Transformer က မီးကြိုးတွေ ခိုးယူခံရတာ နေ့တိုင်းလိုလို ဖြစ်နေပြီး ကြိုးတွေခိုးယူခံရတဲ့ Transformer အရေအတွက် ၂၀ နီးပါးကျော် ရှိနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

“ဒီကိစ္စက လျှပ်စစ်ရုံးက ဝန်ထမ်းတွေနဲ့ ပေါင်းလုပ်စားနေကြတာလားလို့ သံသယဖြစ်လာမိတယ်။ တနေရာတည်း မဟုတ်တော့ဘူးလေ၊ ဒီနေ့ဆို အစိုးရရုံးရှေ့နဲ့ ဦးဥတ္တမလမ်းကTransformer ပါ ပါတယ်။”

အခုလို ခိုးယူခံရမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားစာ ပေးပို့ထားကြောင်း အမည်မဖော်လိုတဲ့ စစ်တွေမြို့နယ်မှ လျှပ်စစ်ဝန်ထမ်းတဦးက ပြောပါတယ်။

“Transformer နဲ့ Outdoor Panel ကို ဆက်သွယ်တဲ့ မီးကြိုးနဲ့ ကြေးကြိုးတွေ၊ တန်ဖိုးက သိန်း ဆယ်ဂဏန်းထိရှိတယ်။ အဲ့ဒါကို ပြည်သူတွေက ကျခံရမယ်လို့ စာဝင်ထားတယ်။”

စစ်တွေမြို့နယ်အတွင်းရှိ ဓာတ်အားလိုင်းတွေနဲ့ ရပ်ကွက်၊ ကျေးရွာတွေအတွင်းရှိ ၁၁/၀.၄ ကေဗွီ ခွဲရုံးတွေရှိ ကေဘယ်လ်ကြေးကြိုးတွေ၊ ထရန်စဖော်မာ (Earth) ကြေးကြိုးတွေ၊ ထရန်စဖော်မာ ခြံစည်းရိုးတွေဟာ မကြာခဏ ဖျက်ဆီးခိုးယူခံနေရတယ်လို့ အဲဒီစာမှာ ဖော်ပြထားပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးပစ္စည်းတွေ ခိုးယူခံရပါက ရပ်ကွက်နေပြည်သူတွေက စုပေါင်းကျခံပြီး ပြန်လည်တပ်ဆင်ရမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးက ညွှန်ကြားထားတယ်လို့ အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။

အဲဒီလို ခိုးယူခံမှုတွေကြောင့် စစ်တွေမြို့ ရပ်ကွက်တချို့မှာ ပုံမှန်မဟုတ်တဲ့ မီးပြတ်တောက်မှုတွေ ကြုံနေရပြီး ပျောက်ဆုံးတဲ့ကြိုးနဲ့ လျှပ်ကူပစ္စည်းတွေနေရာမှာ အစားထိုး ပြန်တပ်ဆင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေပေမဲ့ လုံလောက်မှု မရှိသေးတာကြောင့် တချို့နေရာတွေမှာ ဒေသခံတွေစုပေါင်းပြီး ကြေးကြိုးအစား တန်ဖိုးနည်း သွပ်ကြိုးတွေ ဝယ်ယူဖို့ စုပေါင်းထည့်ဝင်နေကြကြောင်း စုံစမ်းသိရှိရပါတယ်။

အခုလို ခိုးယူခံနေရတာနဲ့ ပတ်သက်ပြီး တရားခံတွေကို ဒီနေ့အထိ ဖမ်းဆီးရမိတာ မရှိသေးကြောင်း သိရှိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up