close

ကမ္ဘာ့စံချိန်တင်ရောင်းချရသည့် ဗြိတိန်တော်ဝင်မိသားစုအတွင်းရေး မင်းသားဟယ်ရီ၏ ဘဝမှတ်တမ်းစာအုပ် “Spare”

ဗြိတိန်ဘုရင်ချားစ်ရဲ့ သားအငယ်ဟယ်ရီရဲ့ ဘဝအမှတ်တရစာအုပ် “Spare” ဟာ ၂၀၂၃ နှစ်ဆန်း ဇန်နဝါရီ ၁၀ ရက်က စတင်ထုတ်ဝေခဲ့တဲ့ တရက်ထဲမှာတင် ၁ ဒသမ ၄ သန်းထိ ရောင်းချခဲ့ရပြီး  ကမ္ဘာကျော် စာအုပ်ထုတ်ဝေရေးတိုက် Penguin Random House ရဲ့ ရာဇဝင်မှာထုတ်ဝေခဲ့ဖူးသမျှ စာအုပ်တွေအားလုံးထက်များပြားတဲ့စံချိန်တင်ခဲ့တယ်လို့ စာအုပ်တိုက်က ကြေညာပါတယ်။ 

Sussex မြို့စား မင်းသားဟယ်ရီရဲ့ စာမျက်နှာ ၄၀၁ မျက်နှာရှိတဲ့ ဒီစာအုပ်ကို လန်ဒန်မှာ စတင်ဖြန့်ချိတဲ့နေ့က ညသန်းခေါင်ချိန်ကတည်းက စာဖတ်သူတွေဝယ်ယူခဲ့ကြပါတယ်။​ 

အမေရိကန်၊ ကနေဒါနဲ့ ယူကေတို့မှာ စာအုပ်၊ အသံ၊ E-copy အစုံ ရောင်းချခဲ့ပြီး ဒီစာအုပ်ရဲ့ စပိန် ဘာသာပြန်ကိုတော့ လန်ဒန်မှာထက် တရက်ကြိုတင်ဖြန့်ချိ ရောင်းချခဲ့ပါတယ်။ 

Random House စာအုပ်တိုက်ဟာ မင်းသားဟယ်ရီရဲ့ စာအုပ်ကို အုပ်ရေ ၂ သန်း ပုံနှိပ်ခဲ့ပေမဲ့ ရောင်းအားအရှိန်မြန်နှုန်းကြောင့် နောက်ထပ်ပုံနှိပ်ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Spare စာအုပ်ဟာ အခုဆို နိုင်ငံတကာမှာ ဘာသာစကား ၁၅ မျိုးနဲ့ ဖြန့်ချိရောင်းချနေပြီး နောက်ထပ်ဘာသာပြန်တွေ ထပ်ထွက်ပေါ်လာဖို့လည်းရှိနေပါတယ်။ 

Spare စာအုပ် ဘာသာပြန် ခေါင်းစဉ်တွေက ဘာသာစကားကွဲပြားသလို ခေါင်းစဉ်မူကွဲတွေ အဖြစ် ဘရာဇီးမှာ ပေါ်တူဂီဘာသာနဲ့  "What’s Left Over." ၊ ပိုလန်မှာ "The Other One."၊ စပိန်မှာ "In The Shadows."၊ ပေါ်တူဂီမှာ  "In the Shadow."၊ ပြင်သစ်မှာ  "The Substitute." ၊ နယ်သာလန်၊ ဟန်ဂေရီနဲ့ ဂျာမနီမှာ "Reserve." ၊ အီတလီမှာ  "Spare (The Minor)." စသဖြင့် တွေ့ရပါတယ်။

အခုလက်ရှိ ဘုရင် ချားစ်လ်ရဲ့ အိမ်ရှေ့စံဘဝက ကြင်လျာတော် မင်းသမီး ဒိုင်ယာနာရဲ့ နာကျင်ကြေကွဲဖွယ် ယာဉ်တိုက်မှုနဲ့ သေဆုံးခဲ့ချိန်က ၁၂ နှစ်သားအရွယ်ရှိတဲ့ သားအငယ် ဟယ်ရီရဲ့ စာအုပ်မှာ ဗြိတိသျှထီးနန်း တော်ဝင်မိသားစုတွေရဲ့ အတွင်းရေး၊ သူ့မိခင် ဒိုင်ယာနာ သေဆုံးမှုမှာ နာကျင်ခံစားခဲ့ရတာတွေ၊ အညှီအဟောက်သတင်းသမားတွေကို စိတ်ပျက်နာကျည်းခဲ့ရတာတွေကို ဟယ်ရီရဲ့ စာအုပ်မှာရေးထားပါတယ်။

ဒါ့အပြင် စိတ်ထွက်ပေါက် မူးယစ်ဆေးဝါးသုံးစွဲခဲ့တာတွေ အသက် ၂၁ နှစ်အရွယ်မှာစစ်ထဲဝင်ပြီး စစ်မူထမ်းဘဝနဲ့ အာဖဂန်နိုင်ငံမှာ တာလီဘန် ၂၅ ယောက် သတ်ပစ်ခဲ့ဖူးတာတွေကအစ ဟယ်ရီရဲ့ အိမ်ထောင်ဖက် မီဂန်နဲ့ ပတ်သက်လို့ သူ့အစ်ကိုကြီး ဝီလျံက သူ့အပေါ်ကိုယ်ထိလက်ရောက် အကြမ်းဖက်ခဲ့တာတွေအဆုံး သူ့အဖေ ချားစ်လ်မင်းသား နောက်အိမ်ထောင်ပြုဖို့ကိစ္စမှာ ညီအစ်ကိုနှစ်ယောက် ကန့်ကွက်တောင်းဆိုခဲ့ကြတာတွေထိ ပွင့်ပွင့်လင်းလင်းရေးထားပြီး ကမ္ဘာ့မီဒီယာပေါင်းစုံမှာလည်း လတ်တလော ဆွေးနွေးငြင်းခုံမှုအများဆုံး အုတ်အော်သောင်းတင်း ပြောဆိုနေကြတဲ့ စာအုပ်တအုပ်လည်း ဖြစ်ပါတယ်။​   

သူချစ်ရတဲ့အမေ ဒိုင်ယာနာမင်းသမီး သေဆုံးပြီးတဲ့နောက် ဝမ်းနည်းကြေကွဲမှု အထီးကျန်ခံစားမှုတွေ စိတ်ထင်တိုင်းကြဲတာတွေအပြင် မင်းသားဟယ်ရီရဲ့ ကြင်ရာ မီဂန်နဲ့ ဆက်စပ်ပြီး တော်ဝင်မိသားစုတွေကြားက လူမျိုးရေး အသားအရောင်ခွဲခြားမှုတွေနဲ့ စိတ်ဝမ်းကွဲပြားမှုတွေအလွန် တော်ဝင်မိသားစုကို စွန့်ခွာပြီး အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့အခြေချတဲ့ထိဖြစ်ခဲ့ရတဲ့ ဖြစ်စဉ်တွေကို ဖွင့်ချပြထားတဲ့နောက် စာဖတ်သူတွေကြားမှာလည်း အမြင်အမျိုးမျိုးကွဲပြားတုံ့ပြန်နေကြပါတယ်။ 

ဒီလောက်ထိ အတွင်းကျကျ ရေးပြသင့်ရဲ့လားလို့ ဗြိတိန် စာဖတ်သူတွေ ဝေဖန်မှုတွေရှိပေမဲ့ နောက်ဆုံးသတင်းတွေအရ မင်းသားဟယ်ရီဟာ သူ့အစ်ကို ဝီလျံနဲ့ သူအဖေ ချားစ်လ် ဘုရင်တို့ တသက်လုံးခွင့်မလွှတ်နိုင်အောင် စိတ်ဆိုးကြမှာစိုးရိမ်တဲ့အတွက် မူရင်းစာမျက်နှာ ၈၀၀ ထဲက စာမျက်နှာ ၄၀၀ လောက်ကို ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမားရဲ့ ၂၀၂၀ တုန်းကထုတ်ဝေခဲ့တဲ့ Memoir ဘဝအမှတ်တရ စာအုပ်တုန်းကတော့ တရက်ထဲနဲ့ အုပ်ရေ ၈၈၀,၀၀၀ ကျော် (တစ်သန်းနီးပါး) ရောင်းခဲ့ရဖူးတဲ့ စံချိန်တင်ခဲ့ဖူးပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up