close

ပါရီမြို့တော်တွင် လယ်သမားများ ထွန်စက်မောင်းပြီး ဆန္ဒပြ

ဥရောပသမဂ္ဂရဲ့ အကြီးဆုံး စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ ပြင်သစ်နိုင်ငံက လယ်သမားတွေဟာ ဖေဖော်ဝါရီ ၈ ရက်က ရာနဲ့ချီတဲ့ ထွန်စက်တွေကို ပါရီမြို့တော်ကို မောင်းနှင်လာကြပြီးတော့ ပိုးသတ်ဆေးကန့်သတ်ချက်တွေနဲ့ တခြားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းတွေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြကာ အဲဒီဆုံးဖြတ်ချက်တွေဟာ လယ်ယာစိုက်ပျိုးထုတ်လုပ်မှုကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။ 

လယ်ထွန်စက်အတန်းကြီးဟာ ပါရီမြို့လယ်မှာ လှည့်လည်ခဲ့ကြပြီး ပြင်သစ်စိုက်ပျိုးရေး ဝန်ကြီးဌာနအနီးရှိ Invalides အထိမ်းအမှတ်အဆောက်အအုံနားက စုဝေးပွဲကို ဝန်းရံ ပူးပေါင်းခဲ့ပါတယ်။ 

ဒီဆန္ဒပြပွဲမှာ ပါရီဒေသမှ လယ်ထွန်စက် ၅၀၀ နဲ့ လယ်သမား ၂၀၀၀ ပါဝင်ဖို့  ပြင်သစ်ရဲ့ အဓိက လယ်သမားသမဂ္ဂ FNSEA နဲ့ တခြားအဖွဲ့တွေက မျှော်လင့်ထားတာပါ။ 

အီးယူက နီယိုကိုတင်နွိုက် ပိုးသတ်ဆေးသုံးစွဲမှုကို တားမြစ်ထားပြီး ပြင်သစ်မူဝါဒမှာတော့ သကြားမုန်လာစိုက်ပျိုးသူတွေကို အသုံးပြုခွင့်ပေးထားတာဖြစ်ပေမယ့် ပြီးခဲ့တဲ့လက အီးယူ တရားရုံးက ပြင်သစ်ရဲ့ ပိုးသတ်ဆေးသုံးစွဲမှုကို ခွင့်မပြုတော့ပဲ ပယ်ဖျက်ခဲ့ပါတယ်။

သကြားမုန်လာ ဆုံးဖြတ်ချက်ဟာ ပိုးသတ်ဆေးသုံးစွဲမှုကို အလွန်အကျွံ တားဆီးခြင်းလို့ ရှုမြင်ကြပြီး၊ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ယူကရိန်းစစ်ပွဲကို တုံ့ပြန်တဲ့အနေနဲ့ စားနပ်ရိက္ခာဖူလုံရေးကို မြှင့်တင်ရမယ်ဆိုတဲ့ အစိုးရရဲ့တောင်းဆိုမှုနဲ့ ဆန့်ကျင်နေတယ်လို့လည်း တောင်သူတွေက ဆိုပါတယ်။ 

နီယိုကိုတင်နွိုက် ပိုးသတ်ဆေးကို တားမြစ်ပိတ်ပင်မှုကြောင့် သီးနှံရောဂါ ဗိုင်းရပ်စ်ပိုး အဝါရောင် ကျရောက်နိုင်ကြောင်းလည်း စောဒကတက် ငြင်းခုံကြပါတယ်။ 

နောက်ထပ် သကြားမုန်လာဥ စိုက်ပျိုးမှုကျဆင်းလာတာကြောင့် ထုတ်လုပ်မှုနိမ့်ကျပြီးတော့ ပိုးသတ်ဆေးကိုခွင့်ပြုတဲ့ တခြားနိုင်ငံတွေကနေ တင်သွင်းမှု ပိုများကုန်လိမ့်မယ်လို့ ခန့်မှန်း နေကြပါတယ်။ 

ပြင်သစ်စိုက်ပျိုးရေးဝန်ကြီး Marc Fesneau ကတော့ အီးယူက တားမြစ်ထားတဲ့ ပိုးသတ်ဆေးကို မသုံးစွဲရလို့ သကြားမုန်လာပင်တွေမှာ ဗိုင်းရပ်စ် အဝါရောင်တိုက်ခိုက်မှု ပြင်းထန်တယ် ဆိုရင် သကြားမုန်လာစိုက်ပျိုးသူတွေကို အခုနှစ်အတွင်း အထွက်နှုန်းဆုံးရှုံးမှုအတွက် လျော်ကြေးငွေ အပြည့်အဝပေးမယ်လို့သဘောတူထားကြောင်း သကြားမုန်လာစိုက်ပျိုးသူများအဖွဲ့ CGB က ပြောပါတယ်။ 

Up