ပွင့်လင်းလွတ်လပ်သည့် အင်ဒို-ပစိဖိတ်ဒေသဖြစ်ရေး အမေရိကန်ရေတပ်ဗိုလ်ချုပ်ပြော

အာရှနဲ့ပစိဖိတ်ဒေသတွင်းနိုင်ငံတွေရဲ့ ကာကွယ်ရေးခေါင်းဆောင်တွေဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို အကောင်အထည်ဖော်ဖို့ ကြိုးစား လုပ်ဆောင်နေတယ်လို့ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်စီအကွီလီနို က ပြောလိုက်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ မတ်လ (၄)ရက်နေ့က ကျင်းပတဲ့ "ပဋိပက္ခရဲ့ အနာဂတ်- တတိယ ဆယ်စုနှစ်က သင်ခန်းစာတွေ”လို့ နာမည်ပေးထားတဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ စည်းဝေးပွဲတစ်ခုမှာ အကွီလီနိုက ပြောလိုက်တာပါ။
အိန္ဒိယရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး အာရ်ဟာရီကူးမားနဲ့ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခိုဂျိယာမာ့ဇခိတို့လည်း ဆွေးနွေးပွဲကို တက်ရောက် ဆွေးနွေးခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လက်ထက်က အာရှဆိုင်ရာ အမေရိကန်ရဲ့ ကတိကဝတ်တွေနဲ့ ပတ်သက်ပြီး မသေချာမရေရာတဲ့ ကာလတစ်ခုနှောင်းပိုင်းမှာ အမေရိကန်ပြည်ထောင်စုဟာ အင်ဒို-ပစိဖိတ် ဒေသထဲမှာ သူ့ကိုယ်သူ အခိုင်အမာ ပြန်ရပ်တည်ဖို့ ကြိုးပမ်းနေတာပါ။
ပြိုင်ဘက် တရုတ်နိုင်ငံကလည်း ကိုယ်ပိုင်သြဇာလွှမ်းမိုးမှုကို မြှင့်တင်ဖို့ ဘက်စုံကနေ ကြိုးပမ်းနေပါတယ်။
အင်ဒို - ပစိဖိတ် စီးပွားရေးမူဘောင် (IPEF) အဖွဲ့ဝင်တွေထဲမှာ အမေရိကန်အပြင် သြစတြေးလျ၊ ဘရူနိုင်း၊ ဖီဂျီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ပါဝင်ကြပါတယ်။