သောင်တင်နေသည့် ရွှေ့ပြောင်းအခြေချနေထိုင်သူများကို စပိန်ကယ်ဆယ်

စပိန်နိုင်ငံက ကယ်ဆယ်ရေးလုပ်သားတွေဟာ မတ် ၁၁ ရက်က ကနေရီကျွန်းတွေရဲ့ ကမ်းလွန် တနေရာမှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းအခြေချသူ ၄၈ ဦးကို ကယ်ဆယ်ကာ ဂရန်းကာနာရီယာ ကျွန်းမှာရှိတဲ့ အာဂင်နက်ဂင်း ဆိပ်ကမ်းဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ကယ်ဆယ်ခဲ့တဲ့ ရွှေ့ပြောင်းအခြေချသူတွေထဲမှာ အမျိုးသမီး ၂၄ ဦးပါဝင်ပြီး အဲ့ဒီထဲမှာ ကိုယ်ဝန်ဆောင် ၃ ဦး၊ ကလေးငယ် ၆ ဦးလည်း ပါဝင်ကာ အားလုံးအခြေအနေကောင်းမွန်တယ်လို့ စပိန်ရေကြောင်းကယ်ဆယ်ရေးအဖွဲ့က ပြောဆိုပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေဟာ ဒီလူတွေကို စပိန်ကမ်းရိုး တန်းကနေ မိုင် ၁၀၀ အကွာမှာ ရှိတဲ့ လှေတစ်စင်းထဲမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။
နှစ်စဉ်နှစ်တိုင်း လူထောင်ပေါင်း များစွာဟာ မြောက်အာဖရိဒေသကနေ ထွက်ခွာကာ ပိုမိုကောင်းမွန်တဲ့ဘဝတစ်ခုကို ရှာဖွေတည်ဆောက်နိုင်ဖို့အတွက် အန္တရာယ်များလှတဲ့ ရေကြောင်း ခရီးစဉ်နဲ့အတူ ဥရောပတိုက်ကို အရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်အထိ ကနေရီကျွန်းတွေဆီ လှေတွေနဲ့ဖြတ်သန်းဝင်ရောက်လာတဲ့ ရွှေ့ပြောင်း အခြေချသူ စုစုပေါင်း ၁,၈၆၅ ဦးအထိ ရှိပြီဖြစ်တယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အချက် အလက်တွေအရ သိရပါတယ်။