close

ကမ္ဘာ့ဗဟိုချက်အူတိုင် အနှစ်လွှာအလုံး၏အကျယ်အဝန်း မိုင် ၄၅၀ ရှိကြောင်း လေ့လာတွေ့ရှိ

မြေငလျင်လှုပ်ရှားမှုတွေကတဆင့် သုတေသနတိုင်းထွာချက်တွေအရ ပင်ပေါင်ဘောလုံးလို လှုပ်ရှားနေတဲ့ ကမ္ဘာ့ဗဟိုချက် အနှစ်လွှာဟာ မိုင် ၄၅၀ လောက် အချင်းပမာဏရှိတဲ့ သံမဏိနဲ့ နီကယ်သားအလုံးလိုက် ဖြစ်နေတာကို သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ 

အရင်က သိထားခဲ့ကြတာကတော့ ကမ္ဘာလုံးကြီးဟာ အပေါ်ယံလွှာ အလယ်သား ဗဟိုအပြင်လွှာ အရည်သားအနှစ်နဲ့ ဗဟိုအတွင်းကျဆုံးအခဲသား အလွှာ ၄ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးရဲ့ အတွင်းဘက်ဆုံးအနှစ်သားမှာပင်လျင် ဗဟိုချက်အတွင်းသားအကာပိုင်းနဲ့ ဗဟိုချက် အတွင်းဘက်ဆုံးအနှစ်သားရယ်လို့ ၂ လွှာထပ်ခွဲခြားနိုင်လိမ့်မယ်လို့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကစပြီး သိပ္ပံပညာရှင်တွေက အဆိုပြုလာခဲ့ကြပါတယ်။ 

Journal Nature Communications သုတေသနစာစောင်မှာ ဖေါ်ပြထားချက်အရ သုတေသီတွေဟာ ကမ္ဘာ့အနှံ့အပြားက ငလျင်လှုပ်ရှားမှု ကမ္ဘာ့အတွင်းပိုင်း ကျောက်ချပ်တွေရဲ့ လှုပ်ရှားမှုနဲ့ လှိုင်းရွေ့လျားမှုအချက်အလက်တွေကတဆင့် ကမ္ဘာအတွင်းပိုင်းအကျဆုံး အနှစ်သားကို လေ့လာခဲ့ကြပါတယ်။

ငလျင်လှုပ်တဲ့အခါ ကျောက်ချပ်တွေလှုပ်ရှားမှုကတဆင့် စွမ်းအင်လှိုင်းတွေဖြစ်ပေါ်စေပါတယ်။ ကျောက်လွှာသားတွေရဲ့ အပျော့အမာကိုမူတည်ပြီးတော့ လှိုင်းအလျင်နှုန်းတွေ ကွာခြားလေ့ရှိပါတယ်။

ကျောက်သားအလွှာလှုပ်ရှားမှုတချို့က အရည်လွှာကို မဖြတ်သန်းနိုင်ပေမယ့် ကမ္ဘာ့အတွင်းဆုံးအရည်လွှာပိုင်းကို ဘောင်ဘင်ခတ်စေပါတယ်။ ကမ္ဘာလုံးကြီးတခုလုံးကိုဖြတ်ပြီး အဲဒီကျောက်လွှာသားလှုပ်ရှားမှု လှိုင်းတွေကတဆင့် အတွင်းပိုင်းလွှာတွေကွဲပြားခြားနားမှုကို တိုင်းထွာမြင်သာစေပါတယ်။ 

ကျောက်ခြပ်လွှာတွေလှုပ်ရှားမှုလှိုင်းတွေကတဆင့်ပဲ ကမ္ဘာ့သံလိုက်ဝန်ရိုးစွန်းကိုဖြစ်ပေါ်စေတဲ့ ဗဟိုအပြင်လွှာသံမဏိအရည်သားတွေနဲ့ အပြင်းထန်ဆုံးဖိအားတွေနဲ့ အပူချိန်ရှိနေတဲ့ ဗဟိုအတွင်းသားတွေအကြောင်း သတိပြုမိခဲ့ကြတာပါ။

ဖေဖေါ်ဝါရီ ၂၁ က ထုတ်ပြန်ခဲ့တဲ့ သုတေသနစာတမ်းအသစ်အရ ငလျင်လှုပ်ခတ်တာကြောင့် ဖြစ်ပေါ်လာတဲ့ ကျောက်လွှာလှုပ်ရှားမှုတွေဟာ ကမ္ဘာလုံးကြီးရဲ့ ဟိုဘက်ဒီဘက်ကို ပင်ပေါင်ဘောလုံးလို လှုပ်ခတ်နေတဲ့အကြောင်း ပထမဆုံးတွေ့ရှိခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ်က ဆော်လမွန်ကျွန်းစု (ပါပူဝါနယူးဂီနီနဲ့ သြစတြေးလျတိုက်အနီး)မှာ ၇ ဒသမ ၉ ရစ်ချတ်တာစကေးနဲ့ လှုပ်ခါခဲ့တဲ့ငလျင်လှိုင်းရဲ့ ဆင့်ကဲရိုက်ခတ်မှုက ကမ္ဘာလုံးကြီးကိုကန့်လန့်ဖြတ် ရွေ့လျားခဲ့ပြီး ကမ္ဘာတဘက်ခြမ်းက အလာစကာနဲ့ ဉရောပ အဲ့လ်ပ်တောင်တန်းတွေအထိ သက်ရောက်ခဲ့ပါတယ်။

အဲဒီဆင့်ကဲရိုက်ခတ်မှုတွေကတဆင့်ပဲ ကမ္ဘာ့ဗဟိုချက်အတွင်းဆုံးပိုင်းမှာပင်လျင် ၂ လွှာထပ်ကွဲပြားနေတဲ့အကြောင်း ပညာရှင်တွေက လေ့လာနိုင်ခဲ့ကြပါတယ်။

အကျယ်မိုင် ၄၅၀ လောက်ရှိတဲ့ အတွင်းဆုံးဗဟိုချက်ကို ဖြတ်သန်းလာတဲ့ ငလျင်လှိုင်းဟာ ရွေ့လျားမှုထောင့်ချိုး ဦးတည်ချက်ကိုမူတည်ပြီး အမြန်နှုန်းကွာခြားပါတယ်။

တောင်နဲ့မြောက်ဝန်ရိုးစွန်းကြားက ရွေ့လျားမှုက အချိန်တိုပြီး အီကွေတာ အလယ်မျဉ်းအတိုင်း ဘေးတိုက်ရွေ့လျားမှုက နှေးကွေးပါတယ်။ အတွင်းဆုံးပိုင်းမှာပင်လျင် ကမ္ဘာ့ဝန်ရိုးတိုင် ဗဟိုချက်ကနေ ၅၀ ဒီဂရီဝေးကွာတဲ့နေရာက လှုပ်ခတ်မှုဟာ အနှေးကွေးဆုံး ဆင့်ကဲရိုက်ခတ်တာကိုတွေ့ရပါတယ်။

အဲဒီလှိုင်းရိုက်ခတ်မှု မတူကွဲပြားခြင်းကတဆင့် အတွင်းပိုင်းလွှာအကာသားနဲ့ အတွင်းဘက်အကျဆုံး အနှစ်သားတွေဟာ ဓာတုဖွဲ့စည်းပုံအရ သံမဏိနဲ့ နီကယ်တွေခြင်းတူပေမယ့် မော်လီကျူးဖွဲ့စည်းပုံအရ အရည်ဓါတ် အခဲဓါတ်ကွာခြားချက်ကို ဖေါ်ပြနေပါတယ်။

ကမ္ဘာလုံးကြီး စတင်ဖြစ်တည်လာခဲ့တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၄ ဒသမ ၆ ဘီလီယံ (နှစ်သန်းပေါင်း ၄၆၀၀) လောက်ကတည်းက အေးခဲလာတဲ့ဖြစ်စဉ်မှာ ပေါ့ပါးတဲ့ဆီလီကွန်ဓါတ်သားတွေက အပေါ်ယံလွှာမှာတည်ရှိခဲ့ပြီး ပိုလေးပင်တဲ့ သံမဏိနဲ့ နီကယ်ဓာတ်သားတွေက အတွင်းဗဟိုချက်ပိုင်းကို ရွေ့လျားလာခဲ့တယ်လို့ သိထားကြပါတယ်။  

ကမ္ဘာ့အတွင်းပိုင်းအလွှာတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း တထောင် (၁ဘီလီယံ) လောက်က အဆင့်ဆင့် ဖွဲ့စည်းဖြစ်ပေါ်လာကြတယ်လို့ ခန့်မှန်းထားကြပေမယ့် ကမ္ဘာ့ အတွင်းဘက်ဆုံး အလယ်ဗဟိုချက်မှာ ထုထည်အလွှာတွေကွဲပြားခြားနားလာကြတာ ဘာကြောင့်လဲ ဘယ်လိုဆင့်ကဲဖြစ်ပေါ်လာသလဲဆိုတာကတော့ သိပ္ပံပညာရှင်တွေအတွက် အဖြေမရှိသေးတဲ့ မေးခွန်းတခု ဖြစ်နေဆဲပါပဲ။ 

Up