close

၂၀၃၀ ကမ္ဘာ့ဖလားပွဲကို တောင်အမေရိကနိုင်ငံများတွင် ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပရန် တောင်းဆို

အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေးနဲ့ ချီလီနိုင်ငံတို့ရဲ့ ပူးပေါင်းကမ်းလှမ်းမှုနဲ့အတူ ဖီဖာအနေနဲ့ လာမယ့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပခွင့်ပေးအပ်ဖို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ် (CONMEBOL) က  တောင်းဆိုလိုက်ပါတယ်။  

"အတူတကွ"လို့ အဓိပ္ပာယ်ရတဲ့ ဆောင်ပုဒ်နဲ့အတူ "ရာပြည့်ကမ္ဘာ့ဖလားပြိုင်ပွဲ" အဖြစ် ကမ္ဘာ့ဖလားပွဲ လက်ခံကျင်းပသွားဖို့ကတိပြုတယ် ဆိုပြီး CONMEBOL ဥက္ကဋ္ဌ အလီဟန်ဒရို ဒိုမင်ဂတ်ဇ်က  မတ်လ ၃၁ ရက်က ကျင်းပတဲ့ ၇၆ကြိမ်မြောက် ကွန်ဂရက်မှာ  ပြောကြားခဲ့တာပါ။

၁၉၃၀ ပြည့်နှစ်က ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရုဂွေးနိုင်ငံမှာ စတင်ကျင်းပခဲ့တာကြောင့် လာမယ့် ၂၀၃၀ ခုနှစ်မှာလည်း နှစ်၁၀ဝပြည့် အထိမ်းအမှတ်အနေနဲ့ တောင်အမေရိကနိုင်ငံတွေ ပူးပေါင်းကျင်းပခွင့်ရဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ 

ဒါကြောင့် ဖီဖာအနေနဲ့ ဒီပြိုင်ပွဲစတင်ရာ တောင်အမေရိကတိုက်မှာ ကျင်းပခွင့်ပေးဖို့ CONMEBOL ဥက္ကဋ္ဌက  တောင်းဆိုခဲ့တာပါ။

မော်ရိုကိုနိုင်ငံကလည်း စပိန်၊ ပေါ်တူဂီတို့နဲ့ ၃ နိုင်ငံပူးပေါင်းကာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရဖို့ ကမ်းလှမ်းသွားမှာဖြစ်ကြောင်း ဒီလအစောပိုင်းတုန်းက ကြေညာထားပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဘက်ကတော့ ဒီလိုကမ်းလှမ်းမှုတွေအပေါ် အကဲဖြတ်ကာ ဆန်ကာတင်စာရင်းကို ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။

ဖီဖာကွန်ဂရက်မှာတော့ အဖွဲ့ဝင်တွေက အိမ်ရှင် နိုင်ငံအဖြစ် ရွေးချယ်ဖို့ မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပြီး ဒီအစီအစဉ်ကို လာမယ့် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ပြုလုပ်သွားဖွယ်ရှိတယ်လို့ ဖီဖာက ပြောကြားထားပါတယ်။

Up