close

နေပြည်တော် ပျဉ်းမနားတွင် လျှပ်စစ်မီးပေးသည့်အချိန် ပြောင်းလဲမည်

နေပြည်တော် ပျဉ်းမနားမှာ လျှပ်စစ်မီးပေးတဲ့အချိန် ပြောင်းလဲပေးဝေသွားမှာဖြစ်တယ်လို့ ပျဉ်းမနားဓာတ်အားဖြန့်ဖြူးရေးဌာန ESE Pyinmana က ကြေညာပါတယ်။

မဟာသင်္ကြန်ကာလအပြီး မြန်မာနိုင်ငံတဝန်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေနဲ့ ကြုံ‌တွေ့နေရသလို နေပြည်တော် ပျဉ်းမနားမှာလည်း မီးခဏခဏပြတ်နေခဲ့တာပါ။ သင်္ကြန်ကာလမတိုင်ခင်က ပျဉ်းမနား အုပ်စု ၄ စုမှာ တစုကို တရက် ၈ နာရီကြာ မီးပြတ်ရာကနေ လာမယ့် ဧပြီ ၁ ရက်ကစတင်ပြီး ပုံစံအသစ်နဲ့ မီးပေးတော့မှာ ဖြစ်ပါတယ်။ ပုံစံအသစ်မှာတော့ အုပ်စု ၄ စုအတွင်း တအုပ်စုကို တရက်တာအတွင်း ၄ နာရီ ၂ ကြိမ် မီးပြတ်သွားမှာ ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားသုံးစွဲနေတဲ့ ပြည်သူတွေအတွက် အတတ်နိုင်ဆုံး အဆင်ပြေအောင် ဆောင်ရွက်ပေးနေတာဖြစ်လို့ နားလည်ပေးဖို့ ပျဉ်းမနား လျှပ်စစ်ဌာနက ထုတ်ပြန်ထားပါတယ်။

နေပြည်တော်အတွင်း ပျဉ်းမနား အပါအဝင် မြို့နယ်အများစုမှာ မီးပြတ်နေပေမဲ့ စစ်ကောင်စီနဲ့ အပေါင်းပါတွေနေထိုင်တဲ့ မြို့နယ်တွေမှာတော့ မီးပုံမှန်ရနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ရန်ကုန် အပါအဝင် တခြားပြည်နယ်နဲ့ တိုင်းတွေရှိတဲ့ မြို့တွေနယ်တွေမှာလည်း လတ်တလော လျှပ်စစ်မီးတွေ မရတဲ့အတွက် ပြည်သူတွေ အခက်အခဲနဲ့ ကြုံနေရပါတယ်။

အန်အယ်လ်ဒီအစိုးရ အုပ်ချုပ်ခွင့်ရခဲ့တဲ့ သက်တမ်း ၄ နှစ်လောက်ကာလအတွင်းမှာ မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတွေ လေးပုံသုံးပုံနီးပါးလောက်အထိ လျှပ်စစ်မီးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်က ယိုယွင်းပျက်စီးလာနေပြီး လက်ရှိ နေ့အပူချိန်တွေ အလွန်အမင်း မြင့်တက်နေချိန်မှာ လျှပ်စစ်မီးမလာတဲ့အချိန် များနေတာကြောင့် ပြည်သူလူထုတွေ ပိုလို့ ဆင်းရဲဒုက္ခ ရောက်နေကြပါတယ်။

Up