close

မုံရွာတွင် အခမဲ့ဘက်ထရီအားသွင်းနိုင်သည့်နေရာ ပြုလုပ်ထား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်နေတာကြောင့် ရပ်ကွက်နေ ပြည်သူတွေ မိုဘိုင်းဖုန်း၊ အားသွင်းမီးအိမ်တွေ အပါအဝင် လျှပ်စစ်ပစ္စည်းတချို့ကို အခမဲ့အားသွင်းနိုင်ဖို့ မုံရွာမြို့အခြေစိုက် လူမှုကူညီရေးအသင်းက ကူညီဆောင်ရွက်နေပါတယ်။

ပေးဆပ်သူ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “မီးတွေကလည်း မမှန်ဘူး၊ ဖုန်းတွေကလည်း အားမရှိဘူး။ သူများတွေလည်း ကိုယ်လိုဖြစ်နေမှာဆိုတဲ့ စိတ်နဲ့ အသင်းက မီးစက်ဝယ်ပြီး အားသွင်းနိုင်အောင် လုပ်လိုက်တာ။ မနက် ၇ နာရီကနေ ၉ နာရီ၊ နေ့လယ် ၁၂ နာရီကနေ ၂ နာရီနဲ့ ညနေ ၅ နာရီကနေ ၇ နာရီထိ တနေ့ကို သုံးကြိမ် အခမဲ့ လာရောက် အားသွင်းနိုင်တာဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့ တရက်ကို ၃၅,၀၀၀ လောက်ရှိတယ်” လို့ ပြောပါတယ်။

“ဧပြီ ၂၀ ရက်ဝန်းကျင်ကစပြီး မုံရွာမြို့မှာ တာဝါတိုင်သုံးတိုင် ကျိုးနေတော့ မီးမပေးနိုင်ဘူး ဖြစ်နေတာ။ ဒီနေ့ ဧပြီ ၂၇ ရက်မှာတော့ ပြန်စမ်းပေးတာ ၂ နာရီလောက်တော့ မီးလာတယ်။ တချို့ရပ်ကွက်တွေတော့ မီးရတာရှိတယ်။ ဒီနေ့မှ စမ်းလွှတ်တဲ့သဘောရှိပြီး မီးမမှန်ဘူးဆိုရင် အခုလို ပြည်သူလူထုအနေနဲ့ အခမဲ့အားသွင်းနိုင်ဖို့ အချိန်ကြာကြာ လုပ်သွားဖို့ရှိတယ်” လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီနောက်ပိုင်း နိုင်ငံတဝန်း လျှပ်စစ်မီးတွေ အချိန်ကြာမြင့်စွာ ဖြတ်တောက်ခံရမှု ကြုံနေရတဲ့အပြင် အခုနှစ်ဟာ အပူချိန် မြင့်မားမှုဒဏ်ကို ရင်ဆိုင်နေရကာ ပြင်းထန်တဲ့အပူဒဏ်ကြောင့် နောက်ဆက်တွဲရောဂါတွေနဲ့ သေဆုံးတာတွေ ရှိနေပါတယ်။

Up