close

အတ်ရှီရှန်၏ နာမည်ကြီးသီချင်း မာဗင်ဂေ၏သီချင်းကို မတုပခဲ့ဟု အမိန့်ချ

၂၀၁၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ အတ်ရှီရန်ရဲ့ နာမည်ကြီး "Thinking Out Loud" သီချင်းဟာ ၁၉၇၃ ခုနှစ်က မာဗင်ဂေးရဲ့ "Let's Get It On" ဂန္တဝင်သီချင်းကို တရားမဝင် တုပခဲ့ခြင်း မရှိဘူးလို့ မေလ ၄ ရက်မှာ ဂျူရီတရားသူကြီးတဦးက အမိန့်ချမှတ်လိုက်ပါတယ်။ 

အနီးကပ်စောင့်ကြည့်နေကြတဲ့ မူပိုင်ခွင့်ဆိုင်ရာ တရားစွဲဆိုမှုအတွင်း ဒီစီရင်ချက်ကြောင့် အမေရိကန်နိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးက သီချင်းရေးဆရာတွေရဲ့  ဖန်တီးမှုလုပ်ငန်းစဉ် အကာအကွယ်ပေးရာ ရောက်တယ်ဆိုပြီး ဗြိတိန်ပေါ့ပ်စတားက ပြောသွားပါတယ်။ 

မန်ဟတ်တန်စီရင်စုရှိ ဖက်ဒရယ်တရားရုံးရဲ့ တရားသူကြီးဖြစ်သူက "Let's Get It On" သီချင်း ရေးသားသူ အတ်တောင်ဆန်ရဲ့ အမွေဆက်ခံသူဟာ အတ်ရှီရန်အနေနဲ့ ဂေးရဲ့သီချင်းမှာ မူပိုင်ခွင့်ဆိုင်ရာ အကျိုးစီးပွားအပေါ် ချိုးဖောက်မှုရှိကြောင်း သက်သေပြနိုင်ခဲ့ခြင်း မရှိဘူးလို့ အမိန့်ချမှတ်ခဲ့တာပါ။ 

အမှုစီရင်ချက်ကို ဖတ်ကြားပြီးတဲ့နောက် အတ်ရှီရန် က သူရဲ့ရှေ့နေဖြစ်သူတွေကို တရားခွင်မှာတင် ပွေ့ဖက်ခဲ့ ပါတယ်။ 

အတ်ရှီရန်က“တစ်စုံတစ်ယောက်ရဲ့ သီချင်းကို ခိုးယူခဲ့တယ်လို့ စွပ်စွဲခံရတယ်ဆိုတာက ဝမ်းနည်းကြေကွဲစရာ ပါပဲ၊ ကျနော်တို့ရဲ့ အသက်ရှင်ရပ်တည်မှုအတွက် အများကြီးကြိုးပမ်းထားတဲ့ အခါမျိုးမှာပေါ့၊ ဂျူရီလူကြီးတွေကိုလည်း ဒီဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်ပါတယ်”လို့ တရားခွင်အပြီး တရားရုံး အပြင်ဘက်မှာ ပြောသွားတာပါ။ 

၆ ရက်တာ ရုံးတင်စစ်ဆေးမှုအပြီး ဂျူကြီးလူကြီးတွေရဲ့ ဆွေးနွေး တိုင်ပင်မှု  ၃နာရီ မပြည့်ခင်မှာတင် အခုလို စီရင်ချက်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

"Thinking Out Loud" သီချင်းနဲ့ ပက်သက်လို့ မန်ဟတ်တန်စီရင်စုမှာ အလားတူတရားစွဲဆိုမှု ၂ ခုကို ဆိုင်းငံ့ထားတာ ရှိပါသေးတယ်။ 

ပြီးခဲ့တဲ့နှစ်တုန်းကလည်း အတ်ရှီရန်ရဲ့ "Shape of You" သီချင်းအတွက် လန်ဒန်မြို့က မူပိုင်ခွင့်ဆိုင်ရာ သီးခြားအမှုတစ်ခုမှာ ဒီဗြိတိန်အဆိုတော်က အနိုင်ရခဲ့ဖူးပါတယ်။

Up