မွန်ဂိုလီးယားနိုင်ငံရဲ့ မြို့တော် အူလန်ဘာတာမှာ ၃ ရက်ကြာ ဆန္ဒပြမှုတွေအပြီး မွန်ဂိုလီးယားဝန်ကြီးချုပ် အိုယို့ အာရ်ဒီးန် လုဗ်ဆံနမ်စ်ရိုင်က ဆန္ဒပြသူတွေနဲ့ တွေ့ဆုံခဲ့ကာ ခိုးယူခံရတဲ့ ကျောက်မီးသွေးကိစ္စကို ဖြေရှင်းပေးမယ်လို့ ကတိပြုခဲ့ကြောင်း TenGer TV သတင်းက ဖော်ပြခဲ့ပါတယ်။
ဝန်ကြီးချုပ် အိုယို့ဟာ ကျောက်မီးသွေး တရားမဝင် ရောင်းချမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုက နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ ဆန္ဒပြသူတွေကို အာမခံပြောကြားထားပြီး ဆန္ဒပြသူတွေကို ငြိမ်သက်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ နိုင်ငံရဲ့ လွှတ်တော်အဆောက်အဦ လှေကားထစ်တွေမှာ သူတို့ကို စကားပြောနေတဲ့ ဝန်ကြီးချုပ် အိုယို့ဆီကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ပြီးတော့ “ကျောက်မီးသွေးသူခိုးတွေက ဘယ်သူတွေလဲ” ဆိုတာ ဖော်ထုတ်ပေးဖို့ အစိုးရကို တောင်းဆိုနေကြတာတွေကို ရုပ်သံမှာ ပြသခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်လလောက်က တရုတ်နိုင်ငံကို ကျောက်မီးသွေးတွေ တရားမဝင်ရောင်းချမှုကနေ အကျိုးအမြတ်ရခဲ့တဲ့ အစိုးရအရာရှိတွေအကြောင်း စွပ်စွဲချက်တွေ ပေါ်ပေါက်လာတဲ့ နောက်ပိုင်း ဒီသီတင်းပတ်ကုန်မှာ ဆန္ဒပြမှုတွေ စတင်လာခဲ့ပြီး ဒီဇင်ဘာ ၅ ရက်မှာတော့ အရှိန် ပိုပြင်းထန်လာခဲ့ပါတယ်။
ယူကရိန်းအရေးကြောင့် ရုရှားက ဥရောပကို သဘာဝဓာတ်ငွေ့ ရောင်းချမှု ရပ်ဆိုင်းပြီး တရုတ်ကို ရောင်းဖို့ စီစဉ်နေတာကြောင့် ဥရောပနိုင်ငံတွေအနေနဲ့ ကျောက်မီးသွေးကို မဖြစ်မနေ ပိုမိုဝယ်ယူရဖို့ ရှိနေတာကြောင့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ စိုးရိမ်ပူပန်နေပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ ကမ္ဘာ့ရာသီဥတုအပြောင်းအလဲပြဿနာကို ကူညီဖို့ ၂၀၅၀ မှာ ကာဗွန်-ဇီးရိုး အထိ လျှော့ချမယ့် စီမံကိန်းလည်း ရှိနေတာပါ။ အခု မမျှော်လင့်ဘဲ ကျောက်မီးသွေး ပိုမိုတင်သွင်းရတော့မှာမို့ ကာဗွန်လျှော့ချရေးအိပ်မက် ရေစုန်မျောတော့မယ့် အခြေအနေ ဖြစ်နေတာပါ။
ဒီနှစ် ဇန်နဝါရီလမှာပဲ ဥရောပရဲ့ ကျောက်မီးသွေးဝယ်ယူမှုက ၅၆ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁၀ ဒသမ ၈ သန်း ရှိနေတာပါ။ အဲဒီထဲ တဝက်က ရုရှားကဖြစ်ပြီး ၅ ပုံ ၁ ပုံက ဩစတြေးလျကပါ။
ယူကရိန်းပြဿနာအတွက် ရုရှားက ဥရောပကို ဓာတ်ငွေ့ပိုက်လိုင်းဖြတ်ပြီး လက်စားချေမှာမို့ စွမ်းအင်ဈေးနှုန်းတက်မှာဖြစ်ပြီး ဓာတ်ငွေ့ဈေးနှုန်းတက်လာတာနဲ့အမျှ ကျောက်မီးသွေးဝယ်လိုအားလည်း မြင့်မားလာမှာပါ။
နိုင်ငံရေးပြဿနာကနေ ကာဗွန်မြင့်တက်မှုဖြစ်လာတော့မှာမို့ ကမ္ဘာကြီးစိမ်းလန်းရေး အိပ်မက်တွေ ပျက်သွားမှာကို သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေ စိုးရိမ်နေပါတယ်။