ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခရွာနဲ့ စပိခူးရွာတို့မှာနေထိုင်တဲ့ ရွာသား ၁၉၃ ဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၈ ရက်နဲ့ မတ်လ ၁ ရက်နေ့တွေမှာ ဘာအပြစ်မှမရှိဘဲ ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရှရော်ခရွာကို မတ်လ ၁ ရက် မနေ့ ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး ရွာသား ၇၀ လောက်ကို ဖမ်းဆီးသွားတယ်လို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။
"ညနေ ၃ နာရီလောက်မှာ ရှရော်ခရွာခံတွေ အဖမ်းခံရတယ်လို့ ပြောလာတယ်။ စစ်ကောင်စီတပ်ဖွဲ့အင်အား ၇၀ လောက်လာပြီးဖမ်းသွားတာပါ။ ရွာခံတဦးက ကျနော်တို့နဲ့ အစည်းအဝေးရှိလို့ လွတ်သွားတာလေ။ အမျိုးသားတွေ အကုန်ဖမ်းနေတာ။ မနေ့က သူတို့စစ်ကြောင်း မိုင်းထောင်တိုက်ခိုက်ခံရလို့ ခုလိုလုပ်တာဖြစ်မယ်။”
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းကလည်း စပိခူးရွာခံ ၄၅ ဦးကို ကနဦးဖမ်းဆီးခဲ့ပြီး ၄၃ ဦးကိုပြန်လွတ်ပေးတယ်လို့ ရွာခံတဦးကလည်း ပြောပါတယ်။
"အဖမ်းခံရတာက စပိခူးရွာခံ ၄၅ ဦးနဲ့ ဒီနေ့ ရှရော်ခရွာခံ ၁၄၈ ဦးဖမ်းခံရတာပါ။ မနေ့ကဖမ်းခံရတဲ့ စပိခူးရွာကတချို့တော့ပြန်လွတ်လာတယ်။ ၂ ဦးကိုပဲ ပြန်မလွှတ်ပေးတာ။ ဒီနေ့ဖမ်းခံရသူတွေကို ရှရော်ခရွာနားက ကုမ္ပဏီ၀င်းထဲမှာ ဖမ်းချုပ်ထားတယ်။ မနက်ဖြန်မှ စားစရာတွေသွားပို့မယ်။"
စစ်ကောင်စီတပ်ဖွဲ့တွေက မိုင်းထောင်သူကို ဖမ်းမမိတာကြောင့် ရွာသားတွေကို အခုလို အစုလိုက် ဖမ်းဆီးနေတာဖြစ်ပြီး သူတို့လိုချင်တဲ့လူ မရမချင်း ပြည်သူတွေကို နောက်ထပ်လည်း ဖမ်းလိမ့်မယ်လို့ ပြန်လွတ်လာတဲ့သူနဲ့ နီးစပ်သူက ပြောပါတယ်။
"သူတို့က မိုင်းထောင်တဲ့သူတွေကို ရှာတာလေ။ မိုင်းပေါက်ကွဲတဲ့နေရာနဲ့ နီးစပ်တဲ့ရွာမှာနေတဲ့ ပြည်သူတွေကို ခုလိုဖမ်းဆီးနေတာဖြစ်တယ်။ သူတို့လိုချင်တဲ့သူကိုရှာတာ မရမချင်းတော့ ပြည်သူတွေ နောက်ထပ်လည်းဖမ်းဆီးခံရနိုင်တယ်။"
ဖားကန့်မှာ ဖေဖော်ဝါရီလအတွင်း ဆိုင်းတောင်စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF တို့က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေက မြို့အဝင်အထွက်တွေမှာ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးကာ အမျိုးအစားကောင်းတဲ့ ကားတွေကို သိမ်းယူနေပြီး မကောင်းတဲ့ယာဉ်တွေကိုတော့ ငွေနဲ့ပြန်ရွေးခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်က စတင်ဖမ်းဆီးသိမ်းယူခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း ကောလင်းမြို့နဲ့ အင်းတော်မြို့တွေမှာလည်း ဖမ်းဆီးသိမ်းယူကာ မသင်္ကာတဲ့လူတွေ့ရင်လည်း ဖမ်းတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကောလင်းဒေသခံတဦးက “ကောလင်းမြို့ပေါ်မှာ စကစတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်တွေ ဖမ်းပြီးသိမ်းတယ်။ ဆိုင်ကယ်အကောင်းတွေကို သူတို့ကင်းပတ်ရာမှာ အသုံးပြုပြီး အနည်းငယ်စုတ်နေတဲ့ ဆိုင်ကယ်တွေကို ပြန်ရွေးခိုင်းနေတယ်။ သိမ်းဆည်းခံရတာ အစီးရေ ၅၀ နီးပါးရှိနေပြီ” လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်မှာလည်း ကားနဲ့ ဆိုင်ကယ်တွေကို သိမ်းဆည်းပြီး ဂျပန်နိုင်ငံလုပ် အမျိုးအစားကောင်းတဲ့ ဆိုင်ကယ်တွေဆိုရင် ပြန်မပေးဘဲ စစ်ကောင်စီနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကလူဆို ပြန်ပေးပြီး မကောင်းတဲ့ဆိုင်ကယ်၊ မလိုချင်တဲ့ဆိုင်ကယ်တွေဆိုရင် ငွေယူပြီး ပြန်ပေးတယ်လို့ ဆိုင်ကယ်ဖမ်းဆီးခံရတဲ့ မြို့ခံထံက သိရပါတယ်။