close

ကင်ညာနိုင်ငံရေး

close

August 9, 2022

ကင်ညာ အထွေထွေရွေးကောက်ပွဲ စတင်

ကင်ညာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို သြဂုတ် ၉ ရက် ဒီကနေ့ စတင်လိုက်တာကြောင့် ကင်ညာပြည်သူတွေဟာ မနက်အစောကတည်းက မဲပေးဖို့ တန်းစီနေကြပါတယ်။

မြို့တော် နိုင်ရိုဘီရှိ မွိုင်ရိပ်သာမူလတန်းကျောင်း မဲရုံနေရာမှာ မဲဆန္ဒရှင်တွေဟာ ညသန်းခေါင်ယံကတည်းက တန်းစီစောင့်ဆိုင်းခဲ့ကြတာပါ။

လက်ရှိဒုသမ္မတဖြစ်ပြီး ကင်ညာရဲ့ ကွမ်ဇာအသိုင်းအဝိုင်းမှ သမ္မတလောင်းကိုယ်စားလှယ် ဝီလီယမ် ရူးတိုနဲ့ ကင်ညာရဲ့ တဖွဲ့တည်းသော ညွန့်ပေါင်းပါတီက ဝါရင့်အတိုက်အခံခေါင်းဆောင် ရိုင်လာ အိုဒင်ဂါတို့အကြား အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် သမ္မတရွေးကောက်ပွဲဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

၂၂ ဒသမ ၁ သန်းသော ကင်ညာမဲဆန္ဒရှင်တွေဟာ သမ္မတကို ရွေးချယ်ပေးတာအပြင် အထက်လွှတ်တော်အမတ်တွေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ၊ ဥပဒေပြုလွှတ်တော်အမတ်တွေ၊ အမျိုးသမီးကိုယ်စားလှယ်တွေနဲ့ ခရိုင်အရာရှိ ၁,၅၀၀ လောက်ကို မဲပေးမှာဖြစ်ပါတယ်။

သမ္မတ အူဟူရူ ကင်ညတ်တာဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ရာထူးကနေ နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။

ကင်ညတ်တာ သဘောကျတဲ့ ဆက်ခံသူ သမ္မတလောင်းကတော့ ထိုးတက်နေတဲ့ ကြွေးမြီတွေကို ပြန်ညှိနှိုင်းပေးမယ်လို့ ကတိပြုထားတဲ့ ဝါရင့်အတိုက်အခံခေါင်းဆောင် ရိုင်လာ အိုဒင်ဂါ ဖြစ်ပါတယ်။

အိုဒင်ဂါရဲ့ အဓိကပြိုင်ဘက်ကတော့ သမ္မတ ကင်ညတ်တာနဲ့ သိပ်အစေးမကပ်တဲ့ ဒုသမ္မတ  ဝီလီယမ်ရူးတို ဖြစ်ပါတယ်။

သူကတော့ ချေးငွေကို လျှော့ချဖို့ ကတိပြုထားပြီး အသေးစားလုပ်ငန်းတွေ တိုးတက်မှုကို တွန်းအားပေးပြီးတော့ ဝင်ငွေတွေရရှိအောင် ကူညီမယ်လို့ လှုံ့ဆော်ထားပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရရှိသူဟာ တုန်လှုပ်စရာ ပြဿနာတွေကို ဆက်ခံရမှာဖြစ်ပြီး နိုင်ငံမှာ လူနေမှုစရိတ်တွေ တိုးမြင့်လာတာ၊ အကျင့်ပျက်ခြစားမှု၊ အလုပ်လက်မဲ့ များပြားလာတာ၊ အထိန်းအချုပ်မဲ့ နိုင်ငံတော်ကြွေးမြီတွေနဲ့ မိုးခေါင်မှုကြောင့် လူသန်းပေါင်းများစွာ ငတ်မွတ်နေတာတွေကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။

1 min Ago
Up