ကင်ညာနိုင်ငံမှာ သမ္မတဝီလီယံရူတို ကျမ်းသစ္စာကျိန်ဆိုတဲ့ မြို့တော်ရှိ အားကစားကွင်း ဂိတ်ပေါက်မှာ စက်တင်ဘာ ၁၃ ရက်က လူအများအပြား တွန်းတိုက်လဲပြိုပြီး ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ကင်ညာရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ ဗွီဒီယိုမှာ နိုင်ရိုဘီရဲ့ လူ ၆၀၀၀၀ဆန့် ကာဆရာနီ အားကစားစင်တာရဲ့ အပြင်ဘက်မှာ ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသပေးနေကြောင်း ပြသခဲ့ပါတယ်။
မာမားလူစီဆေးရုံမှာ တိုးတိုက်မိလို့ ဒဏ်ရာရလာသူ အများအပြားကို လက်ခံကုသပေးနေပြီး သူတို့ဟာ ခုတော့ အခြေအနေ တည်ငြိမ်နေကြပါပြီလို့ အရေးပေါ်ဌာနတာဝန်ရှိသူက ပြောပါတယ်။
စိန့်ဂျွန် လူနာတင်ယာဉ်ဌာနကနေ စေလွှတ်ထားသူတယောက်ကတော့ လူနာတင်ယာဉ်တွေဟာ ဒဏ်ရာရရှိသူ အများအပြားကို အနည်းဆုံး ဆေးရုံ ၃ ရုံကို ပို့ဆောင်ပေးခဲ့ပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိကြောင်း ပြောပါတယ်။
အားကစားကွင်းဟာ မနက် ၅ နာရီလောက်ကတည်းက သမ္မတ ရူတိုကို ထောက်ခံသူတွေနဲ့ စည်ကားခဲ့ပါတယ်။ အားကစားကွင်း ပြည့်နေပြီဖြစ်ပြီး တခြား ဘယ်သူမှ ထပ်မလာကြတော့ဖို့ တောင်းဆိုထားကြောင်း အမျိုးသားရဲဌာနက တွစ်တာမှာ ပြောကြားခဲ့ပါတယ်။