ကင်ညာနိုင်ငံ အရှေ့ပိုင်းက Good News နိုင်ငံတကာအသင်းတော် ဘာသာရေးအဖွဲ့ အခြေစိုက်ရာ ရှာခါဟိုလာ သစ်တောထဲအစုလိုက်အပြုံလိုက် မြေမြှုပ်ထားတဲ့ နေရာမှာ နောက်ထပ်အလောင်းတွေ ထပ်တွေ့လာရလို့ ဘာသာရေးယုံကြည်ချက်ကြောင့် အစာငတ်ခံ သေဆုံးသူဦးရေ ၈၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အာဏာပိုင်တွေက ဧပြီ ၂၆ ရက်မှာ ပြောပါတယ်။
အသုဘ တူးဖော်ရေးနေရာတွေကို တားမြစ်ပိတ်ဆို့ထားပြီး အဖြူရောင် အကာအကွယ် ဝတ်စုံတွေ ဝတ်ထားကြတဲ့ အမျိုးသားအဖွဲ့တွေကလည်း အလောင်းတွေကို အပြာရောင်နဲ့ အဖြူရောင်အိတ်တွေထဲ ထည့်ပြီး သယ်ဆောင်သွားပါတယ်။
ကင်ညာပြည်ထဲရေးဝန်ကြီး ကီသူရီကင်ဒီခီကတော့ ဘာသာရေးအဖွဲ့ခေါင်းဆောင်ကို အကျဉ်းထောင်ထဲမှာ တသက်လုံး ချထားပေးဖို့နဲ့ သင်္ချိုင်းတွင်းတူးတာ၊ အလောင်းတွေကို စွန့်ပစ်ရာမှာ အကူအညီပေးသူတိုင်းကိုလည်း ဥပဒေအရ အပြင်းထန်ဆုံး ပြစ်ဒဏ်တွေ ချမှတ်ဖို့ တောင်းဆိုထားပါတယ်။
သေဆုံးသူအများစုကို သင်္ချိုင်းမြေတွင်းတိမ်ထဲကနေ ပြန်တွေ့ရှိခဲ့ပြီး အသက်ရှင်နေသေးသူ အရေအတွက် အနည်းငယ်ကလည်း ပိန်လှီနေပြီးတော့ သူတို့ဟာ နောက်ပိုင်းတော့ သေဆုံးသွားခဲ့ကြပါတယ်။
အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့ နောက်ထပ် လူ ၃ ဦး ရှိလာပြီး အခုချိန်ထိ အသက်ရှင်ကျန်ရစ်သူ စုစုပေါင်း ၃၄ ဦးအထိ ရှိလာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
သေဆုံးသူအရေအတွက်ဟာ ဒီထက်မက မြင့်တက်လာနိုင်ပါတယ်။ ကင်ညာကြက်ခြေနီအဖွဲ့က လူ ၂၀၀ ကျော် ပျောက်ဆုံးနေကြောင်း ဒေသတွင်းဆေးရုံကို တိုင်ကြားထားကြောင်း ပြောပြပါတယ်။
သံသယရှိသူတွေဟာ လူသတ်မှု၊ အစွန်းရောက်လုပ်ဆောင်စေမှုနဲ့ အများပြည်သူလုံခြုံရေးကို ခြိမ်းခြောက်တာအပါအဝင် ရာဇဝတ်မှုတွေကို ကျူးလွန်တာဖြစ်နိုင်ကြောင်း ပဏာမ စုံစမ်းစစ်ဆေးမှုတွေက ပြသနေတယ်လို့ ကင်ညာပြည်သူ့တရားစွဲဆိုမှု ဒါရိုက်တာရုံးက ပြောပါတယ်။
ရှာခါဟိုလာဒေသခံတဦးက သူ့ညီမဖြစ်သူဟာ သူ့ကလေးတွေကိုပါ ခေါ်သွားပြီး အဲဒီဘာသာရေးဂိုဏ်းထဲကို ဝင်ရောက်ခဲ့ကြောင်းနဲ့ သူ့ကို အဲ့ဒီအဖွဲ့ကနေ ပြန်ခေါ်ထုတ်လာပေမဲ့လည်း ပြန်သွားခဲ့တယ်လို့ ရိုက်တာကို ပြောပြပါတယ်။ ဘယ်လိုစွမ်းအားတွေ သုံးထားလဲ သိချင်တယ်လို့လည်း သူက ဆိုပါတယ်။
ကလေးတယောက်က သေသွားပြီးတော့ တောထဲမှာပဲ မြှုပ်ထားကြောင်း၊ အခု သူ့ညီမက အိမ်ပြန်ရောက်နေပြီး မသန်မစွမ်း ဖြစ်နေကြောင်းလည်း ပြောပြပါတယ်။
ကင်ညာနိုင်ငံ အရှေ့ပိုင်းရှိ တောအုပ်တခုထဲမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့အထဲက အများစုဖြစ်တဲ့ အလောင်း ၇၃ လောင်းကို ကင်ညာရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီး ဒီအလောင်းတွေဟာ သူတို့ဘာသာ အစာရေစာ အငတ်ခံပြီး သေဆုံးသွားရင် ကောင်းကင်ဘုံကို ရောက်သွားမယ်လို့ ယုံကြည်တဲ့ (ခရစ်ယာန်ဘာသာ) အယူဝါဒတရပ်ရဲ့ နောက်လိုက်တွေလို့ ထင်မြင်ယူဆကြောင်း ရဲအရာရှိတဦးက ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။
တူးဖော်မှုတွေ ဆက်လုပ်နေတာနဲ့အမျှ သေဆုံးသူဦးရေကလည်း ပိုပြီး တိုးလာနိုင်ဖွယ်ရှိပါတယ်။ ဒေသခံဆေးရုံမှာ စီစဉ်ထူထောင်ပေးထားတဲ့ ခြေရာခံ/နှစ်သိမ့်ဆွေးနွေးရေးဌာန ဆီမှာတော့ လူ ၁၁၂ ဦး ပျောက်ဆုံးနေကြောင်း သတင်းပို့ထားတယ်လို့ ကင်ညာကြက်ခြေနီအသင်းက ပြောပါတယ်။
အခုချိန်ထိတော့ လူ ၃၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း မှုခင်းစုံစမ်းစစ်ဆေးရေး ညွှန်ကြားမှုဦးစီးဌာနက တွစ်တာမှာ ဖော်ပြထားပါတယ်။
မြေသင်္ချိုင်းတွင်းထဲမှာ လူအများစုကို အစုလိုက်အပြုံလိုက် တွေ့ရှိခဲ့ရကြောင်းနဲ့ အဲဒီထဲမှာ ၈ ဦးကတော့ အသက်ရှင်လျက်ရှိခဲ့ပြီး ပိန်လှီအားနည်းလွန်းကာ နောက်ပိုင်း သေဆုံးသွားခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာကို သွားကြည့်ရှုခဲ့တဲ့ ရဲချုပ် ဂျဖတ်ကိုမီက တနင်္လာနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
Good News နိုင်ငံတကာအသင်းတော်ဆိုပြီး တည်ထောင်ထားတဲ့ ဘာသာရေးခေါင်းဆောင် ပေါလ်မက်ကန်ဇီရဲ့ နောက်လိုက်နောက်ပါ ၃၁ ဦးထက်မနည်းရဲ့ ရုပ်အလောင်းတွေပါ ပါဝင်တဲ့ မြေတွင်းတိမ်တိမ် သင်္ချိုင်းတွေ တွေ့ရှိရကြောင်း သတင်းအစအန ထွက်ရှိလာခဲ့ပြီးနောက် ဧပြီ ၁၄ ရက်မှာ ပေါလ်မက်ကန်ဇီကို ဖမ်းဆီးခဲ့ပါတယ်။
မက်ကန်ဇီကို မာလင်ဒီ ဥပဒေတရားရုံးမှာ ဧပြီ ၁၅ ရက်က တရားရုံးတင်ခဲ့ပြီး သူ့ကိုဖမ်းဆီးထားချိန်အတွင်း ၁၄ ရက်ကြာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တရားသူကြီးက ရဲတပ်ဖွဲ့ကို ခွင့်ပြုထားပါတယ်။
ကင်ညာမီဒီယာက သူဟာ အစာနဲ့ရေကို ငြင်းဆိုထားကြောင်း ဖော်ပြခဲ့ပါတယ်။ တခြားဘာသာရေးအဖွဲ့ဝင် ၁၄ ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း ရဲချုပ်က ပြောပါတယ်။ သူတို့ကို ဖမ်းဆီးရမိဖို့ အများကြီးအားထုတ်ခဲ့ရပြီး အပြစ်ရှိကြောင်း တွေ့ရှိရတဲ့ ဘယ်သူမဆို သူတို့ကျူးလွန်ထားတဲ့ အပြစ်တွေအတွက် စွဲချက်တွေကို ဖြေဆိုဖို့ တရားရုံးကို တင်မှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
ကင်ညာပြည်သူ့တရားစွဲဆိုမှုဒါရိုက်တာ နူအာဒင်ဟာဂျီ ကတော့ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့ ညီမျှတဲ့ စွဲချက်တင်နိုင်ဖို့ ကြိုးပမ်းမယ်လို့ ပြောကြားခဲ့ပါတယ်။