close

ကင်တပ်ကီပြည်နယ်

close

April 11, 2023

အမေရိကန်တွင် ဘဏ်ဝန်ထမ်း ၁ ဦးက လုပ်ဖော်ကိုင်ဖက် ၄ ဦးကို ပစ်သတ်

အမေရိကန်နိုင်ငံ၊ ကင်တပ်ကီပြည်နယ် လူးဝစ်ဗီးလ်မြို့လယ်မှာ ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားတဲ့ ဘဏ်ဝန်ထမ်းတဦးဟာ ဧပြီ ၁၀ ရက်မှာ လုပ်ဖော်ကိုင်ဖက် ၄ ဦးကို ပစ်သတ်ပြီး တခြားသူ ၉ ဦး ဒဏ်ရာရရှိသွားခဲ့တဲ့ သူ့ရဲ့တိုက်ခိုက်မှုကို ဖေ့စ်ဘွတ်ခ်ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

တိုက်ခိုက်သူဟာ အခင်းဖြစ်ပွားရာ နေရာမှာပဲ သေနတ်ထိမှန် သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပေမဲ့ ရဲက သေနတ်နဲ့ ပစ်ခတ်လို့လား သူ့ဖာသာသူ ဒဏ်ရာရရှိ သေဆုံးသွားတာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သေနတ်သမားဟာ အသက် ၂၃ နှစ်အရွယ် ကွန်နာစတားဂျွန်ဖြစ်ကြောင်း ဌာနက ဖော်ထုတ်နိုင်ခဲ့ပြီး သူဟာ မနှစ်က အိုးလ်ဒ်နေရှင်နယ်ဘဏ်အဟောင်းရဲ့ မြို့လယ်ဘဏ်ခွဲကို အချိန်ပြည့်ဝန်ထမ်းအဖြစ် လုပ်ကိုင်လာသူဖြစ်ပါတယ်။

စလပ်ဂါ ဖှီးလ်ဒ်ဘေ့စ်ဘောကွင်းအနီးရှိ ဘဏ်ရုံးမှာ မနက် ၈ နာရီခွဲလောက်က တိုက်ခိုက်သူ တယောက်နဲ့ပတ်သက်တဲ့ သတင်းပေးပို့ချက်တွေကို ရဲတပ်ဖွဲ့က မိနစ်ပိုင်းအတွင်း သွားရောက် တုံ့ပြန် ဆောင်ရွက်ခဲ့ကြောင်း ပြောပါတယ်။

တိုက်ခိုက်သူဟာ သူ့ရဲ့တိုက်ခိုက်မှု ဗီဒီယိုကို အင်တာနက်ပေါ်မှာ  တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြောင်း ရဲချုပ် ဂျက်ကလင်းန်ဂွင်းန် ဗီလာရိုဝလ် က သတင်းထောက်တွေကို ပြောပါတယ်။ 

ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားတဲ့ သေနတ်သမားကို ရဲအရာရှိတွေက ပစ်ခတ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ သေဆုံးသူတွေဟာ ဘဏ်ရဲ့ အကြီးတန်းဒုတိယဥက္ကဋ္ဌ အဲလိယော့ထ် အပါအဝင် အသက် ၄၀ မှ ၆၄ နှစ် အကြား သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ၄ ယောက် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ 

တိုက်ခိုက်မှုအတွင်း ရဲအရာရှိ ၂ ဦးအပါအဝင် ဒဏ်ရာရရှိသူ ကိုးဦးကို လူးဝစ္စ်ဗီးလ် တက္ကသိုလ်ဆေးရုံမှာ ကုသထားကြောင်း ဆေးရုံ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ရဲအရာရှိ ၂ ဦးထဲမှာ မကြာသေးခင်ကမှ ရဲသင်တန်းကျောင်းမှ ဆင်းလာတဲ့ အသက် ၂၆ နှစ်အရွယ် ရဲအရာရှိတစ်ဦးဟာ ဦးခေါင်းကို ထိမှန်ခဲ့ပြီး တနင်္လာနေ့မှာတော့ ဦးနှောက် ခွဲစိတ်ကုသမှုခံယူပြီးနောက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

တခြား သေဆုံးသူ နှစ်ဦးကလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ လူးဝစ္စ်ဗီးလ် ဘဏ်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတ ဂျိုးဘိုင်ဒန် က ကွန်ဂရက်အနေနဲ့ သေနတ်တွေကို ဘေးကင်းလုံခြုံစွာ သိုလှောင်မှု၊ သေနတ်ရောင်းချမှု အားလုံးအတွက် နောက်ခံစစ်ဆေးမှုနဲ့ သေနတ်ထုတ်လုပ်သူတွေရဲ့ တာဝန်ယူမှုကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေကို ဖယ်ရှားပေးဖို့ လိုအပ်တဲ့ ဥပဒေတွေကို အတည်ပြုဖို့ သူ့ဆန္ဒကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။

1 min Ago

March 30, 2023

ကင်တပ်ကီပြည်နယ်တွင် အမေရိကန်စစ်ရဟတ်ယာဉ် ၂ စင်း ပျက်ကျ

အမေရိကန်စစ်တပ် Black Hawk ရဟတ်ယာဉ် ၂ စင်းဟာ မတ်လ ၂၉ ရက် နှောင်းပိုင်းက ကင်တပ်ကီပြည်နယ်အပေါ် ပုံမှန်လေ့ကျင့်ရေး မစ်ရှင်တခုအတွင်း ပျက်ကျသွားပြီးနောက်မှာ အသေအပျောက်တွေ ရှိမယ်လို့ ခန့်မှန်းရကြောင်း ကင်တပ်ကီပြည်နယ် အုပ်ချုပ်ရေးမှူးက မတ်လ ၃၀ ရက်မှာ ပြောပါတယ်။

ရဟတ်ယာဉ်အမှုထမ်းတွေရဲ့ အခြေအနေကို ချက်ချင်းမသိရသေးကြောင်း ကင်တပ်ကီရှိ အမေရိကန်ကြည်းတပ်ရဲ့ ကမ့်ပ်ဘဲလ်ခံတပ်စခန်းမှ ရိုက်တာကိုပို့ပေးတဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပြီး ဘယ်နှစ်ယောက် လိုက်ပါလာကြောင်း လူအရေအတွက်ကို ဖော်ပြထားခြင်း မရှိပါဘူး။

ရဟတ်ယာဉ်အမှုထမ်းတွေဟာ အမှတ် ၁၀၁ လေကြောင်းချီတပ်က လုပ်ဆောင်တဲ့ လေ့ကျင့်မှုအတွင်း HH-60 Black Hawk ရဟတ်ယာဉ်နှစ်စင်း ပျံသန်းနေတာဖြစ်ပြီး ကင်တပ်ကီပြည်နယ်ရဲ့ ထရစ်ဂ်ကောင်တီမှာ အရှေ့ဘက်စံတော်ချိန် ည ၁၀:၀၀ နာရီလောက်မှာ ပျက်ကျခဲ့တာဖြစ်ကြောင်း ကမ့်ပ်ဘဲလ် ခံတပ်စခန်းရဲ့ ပြည်သူ့ရေးရာရုံးက ပြောပါတယ်။

HH-60 အမျိုးအစားဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ ဆေးဘက်ဆိုင်ရာ နေရာရွှေ့ပြောင်းတာတွေ အပါအဝင် စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးအမျိုးမျိုးအတွက် ပံ့ပိုးကူညီဖို့ ဒီဇိုင်းထုတ်ထားတဲ့ Black Hawk ရဟတ်ယာဉ်အမျိုးအစားဖြစ်ကြောင်း စစ်တပ်ကနေ သိရပါတယ်။

2 weeks Ago
Up