မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီလ် ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက်က မြို့တော်ပြုံယမ်းမှာ ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
မြောက်ကိုးရီးယားရဲ့ တရားဝင်သတင်းအေဂျင်စီ KCNA က ဖော်ပြထားတဲ့ ဗီဒီယိုထဲမှာ ပြုံယမ်းမြို့မှာ ဒေသခံပြည်သူတွေနဲ့ စစ်သားတွေဟာ ကွယ်လွန်သူ နိုင်ငံတည်ထောင်သူ ကင်မ်အီလ်ဆွန်းနဲ့ ကင်မ်ဂျုံအီလ်တို့ရဲ့ ကြေးရုပ်တုရှေ့ ခြေရင်းမှာ လွမ်းသူ့ပန်းတွေနဲ့ ဂါရဝပြု နေကြတာကို တွေ့မြင်ရပါတယ်။
ကင်မ်ဂျုံအီလ်ဟာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်က နှလုံးရောဂါကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့ပြီး ကွယ်လွန်ခဲ့တယ်လို့ ယူဆထားကြပါတယ်။
ဒီတပတ်အစောပိုင်းတုန်းက ကင်မ်ဂျုံအီရဲ့ သားဖြစ်သူ လက်ရှိမြောက်ကိုးရီးယားနိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တွန်းကန်အားပြင်း လောင်စာခဲသုံး အင်ဂျင် စမ်းသပ်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့ ပြီး ကျွမ်းကျင်သူတွေကတော့ ဒီစမ်းသပ်မှုဟာ ပဲ့ထိန်းဒုံးကျည်တွေကို ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ရွေ့လျားမှုကောင်းကောင်း ပစ်ခတ်နိုင်တော့မှာဖြစ်ကြောင်း သုံးသပ်ကြပါတယ်။