close

ကင်မွန်းချောင်းရဲစခန်း

close

April 30, 2023

ကင်မွန်းချောင်းရဲစခန်းနှင့် ဘီးလင်း-သထုံလမ်း လုံခြုံရေး ယူထားသည့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို နှစ်ရက်ဆက်တိုက် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့ကနေ သိရပါတယ်။

ဧပြီ ၂၉ ရက်နေ့မှာ  ကျိုက်ထိုကင်မွန်းနယ်မြေရဲစခန်းကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ KNLA၊ PDF၊ PPDF-KD၊ KRF၊ TPDF ၊ ဘီးလင်း (ပကဖ) နဲ့ ကျိုက်ထို (ပကဖ) တို့ ပူးပေါင်းပြီး မွန်းမွဲ ၁၂ နာရီခွဲလောက်ကနေ ၁ နာရီ မိနစ် ၅၀ လောက်အတွင်း ဗုံးသီး ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထို ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ ရဲစခန်းမှာ ဧပြီ ၂၇ ရက်ကလည်း တိုက်ခိုက်ခံခဲ့ရတာကြောင့် အဆောက်အဦ အများစု မီးလောင်ပြာကျခဲ့ပြီး စစ်ကောင်စီတပ်က ထပ်မံအင်အားဖြည့်တင်းထားချိန်မှာ ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုကိုတော့ မြေပြင်အခြေနေအရ အတိကျမသိရသေးပေမဲ့ အထိအခိုက်များနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဘီးလင်းမြို့နယ်လည်း သပြေနီကျေးရွာရှိ စစ်ကောင်စီ သံတံတားကင်းစခန်းအား ကျိုက်ထို တော်လှန်ရေးတပ်ပေါင်းစုပူးပေါင်းအဖွဲ့က ည ၆ နာရီခွဲလောက်မှာ ဗုံးသီး ၅ လုံး ဒရုန်းနဲ့ ၂ ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်အကျအဆုံးကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ကျိုက်ထို တော်လှန်ရေးတပ်ပေါင်းစုက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှု ၂ ကြိမ်လုံးမှာ ကျိုက်ထိုပြည်သူ့ကာကွယ်ရေးတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ဆိုပါတယ်။

ဧပြီ ၂၉ ရက် မွန်းတည့် ၁၂ နာရီလောက်ကလည်း ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီးပေါ်၊ ဘီးလင်း-သထုံလမ်းပိုင်း၊ ရွှေရောင်ပြကျေးရွာအနီးမှာ အင်အား ၂၀ လောက်နဲ့ လမ်းကင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ခွဲ ၃၊ HRS နဲ့ သထုံပကဖ ပူးပေါင်းတပ်ဖွဲ့က ဒရုန်းအပါအဝင် မြေပြင်မှ အနီးကပ်သွားရောက် ပစ်ခတ်ခဲ့ရာမှ ၂ နာရီကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Hawk Revolutionary Squad (HRS ) တော်လှန်ရေးတပ်ပေါင်းစုတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

HRS ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ကနဦး တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဒဏ်ရာသူတွေကို လူနာတင်ယာဉ်နဲ့ လာရောက်သယ်ယူစဉ် မြေပြင်တပ်ဖွဲ့က 40 mm တွေ၊ လက်နက်ငယ်တွေနဲ့ အနီးကပ် ထပ်မံဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ အဆောက်အဦအား ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ HRS ပူးပေါင်းအဖွဲ့က ဆိုပါတယ်။

တိုက်ခိုက်ခံရတာကြောင့်  စကစတပ်သား ၄ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားကြောင်း၊ အနီးနားရှိ စစ်ကောင်စီ အမြောက်တပ် အမတ ၃၁၄ (ဇီးဝန်း) ကလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူပေးခဲ့ကြောင်း၊ HRS ပူးပေါင်းတပ်ကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

10 mins Ago

April 28, 2023

ကျိုက်ထို ကင်မွန်းချောင်းရဲစခန်းနှင့် ဝေါမြို့နယ် ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရ၊ နွားထိုးကြီး၌ ရဲတပ်ကြပ် ၁ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း နယ်မြေရဲစခန်း ဧပြီ ၂၇ ရက် ညနေ ၄ နာရီခွဲက ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်းပိုင်းတွေ ထိမှန်ခဲ့ပြီး ရဲစခန်းတခုလုံး အခုချိန်ထိ မီးလောင်နေသလို စခန်းအတွင်းရှိ အဆောက်အဦအများစု မီးလောင်သွားပြီး ပြည်သူ့ကာကွယ်ရေးဘက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စခန်းတွင်းထဲမှာ ပေါက်ကွဲသံ ၂ ချက်လောက် ကြားပြီးနောက် ရဲစခန်းဘေးနားက ထမင်းဆိုင်တဆိုင်ပါ  မီးလောင်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကင်မွန်းချောင်းရဲစခန်း တိုက်ခိုက်ခံရအပြီးမှာ  စခန်းအတွင်းဘက်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံကြားရပြီး လူထိခိုက်မှုရှိမရှိတော့ မသိရဘူးလို့ ဆိုပါတယ်။

ကင်မွန်းချောင်းရဲစခန်းဟာ ကျိုက်ထီးရိုးဘုရားတောင်ခြေမှာရှိပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ မကြာခဏ လာရောက်တိုက်ခိုက်တာခံနေရပါတယ်။

အဆိုပါ ကျိုက်ထို ကင်မွန်းချောင်းရဲစခန်း တိုက်ခိုက်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတွေရဲ့ ထိခိုက်မှုအခြေအနေကို မြေပြင်အခြေအနေအရ မသိရသေးသလို ကျိုက်ထို PDF တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကျိုက်ထိုတော်လှန်ရေးပူးပေါင်းအဖွဲ့က ပြောပါတယ်။

အလားတူ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရဲစခန်းကို ဧပြီ ၂၇ ရက် ည ၇ နာရီလောက်မှာ ဝေါမြို့နယ် ပကဖ နဲ့ ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၁ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ဦး  သေဆုံးသွားတယ်လို့ ပဲခူးတိုင်းဒေသကြီး PDF ကထုတ်ပြန်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ ည ၇ နာရီ တန်းစီချိန်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းရဲ့  ကင်းသမား နေရာမှာတင်သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့အမည်နဲ့ ရာထူးအဆင့်ကိုတော့ မသိရသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပွားနေစဉ်  ဘုရားကြီးအမြောက်တပ်က  အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကူလာခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘေးအန္တရာယ်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်တယ်လို့သိရပါတယ်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာတော့  ရဲစခန်းက ရဲတပ်ကြပ်တဦး ဆိုင်ကယ်နဲ့ မြို့ပြင်ထွက်လာစဉ် သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NPDF မြင်းခြံခရိုင် PDF တပ်ရင်း ၄ ထံက သိရပါတယ်။

ဧပြီ ၂၆ ရက် ည ၇ နာရီလောက်က နွားထိုးကြီးမြို့မ ရဲစခန်းမှ ရဲတပ်ကြပ် ခိုင်မင်းထွန်းဟာ ရဲစခန်းအရှေ့ဘက်ရှိ ရဲကင်းစခန်းကို ဆိုင်ကယ်နဲ့ထွက်လာစဉ် ထန်းစင်ကျေးရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက တားဆီးစစ်ဆေးပြုလုပ်စဉ် ဆိုင်ကယ်မရပ်ပေးဘဲ ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့  NPDF တာဝန်ရှိသူက ပြောပါတယ်။

“လက်နက်မပါဘဲ ရဲကင်းစခန်းကို သူတယောက်တည်း ဆိုင်ကယ်နဲ့ထွက်လာတာ။ ကျနော်တို့ တားတဲ့အချိန်မှာ သူက ရပ်မပေးဘဲ ထွက်ပြေးလို့ ပစ်ခတ်ရှင်းလင်းလိုက်တာပါ။ ရှင်းလင်းပြီးတာနဲ့ ကျနော်တို့ နောက်ပြန်ဆုတ်လာလိုက်တာ။ ရဲတပ်ကြပ်အလောင်းကို စစ်တပ်က အင်အား ၃၀ လောက်နဲ့ ညတွင်းချင်း လာကောက်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၂၄ ရက်ကလည်း မြင်းခြံမှ နွားထိုးကြီးဘက်ကို အိမ်စီးကား ၃ စီးနဲ့ မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မြင်းခြံခရိုင် PDF တပ်ရင်း ၄ က သာယာကုန်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

2 days Ago
Up