စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဇူလိုင် ၂၂ ရက်က ကင်မွန်းခြုံကျေးရွာအနီး နင်းမိုင်း ပေါက်ကွဲမှုကြောင့် PDF Kalay တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကလေး PDF ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကင်မွန်းခြုံကျေးရွာကို ဝင်ရောက်ကာ နေအိမ်တွေအား မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာမှထွက်ခွာသွားပြီးနောက် ရွာအနီးဝန်းကျင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေ မိုင်းရှင်းလင်းရေးလုပ်စဉ် ပေါက်ကွဲမှုကြောင့် PDF Kalay တပ်ရင်း(၂)က ရဲဘော်တဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ကစ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ် အဖွဲ့တွေက စစ်ကောင်စီစစ်ကြောင်းအား အသင့်စောင့်ဆိုင်းတိုက်ခိုက်တာနဲ့ မိုင်းဆွဲတိုက်ခိုက်တာ ကြောင့် စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးတယ်လို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင် ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ ကင်မွန်းခြုံရွာကို ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကင်မွန်းခြုံရွာပေါ် ဇူလိုင် ၁၄ ရက်ညက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တွေထိခိုက်ပျက်စီးကာ ဒေသခံအမျိုးသမီး တယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ည ၉ နာရီခွဲက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကလေးမြို့တွင်းကနေ စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြိမ်ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ၁၂၀ (မမ) လက်နက်ကြီးကျည်မှာ ကင်မွန်းခြုံကျေးရွာ မြောက်ပိုင်းက နေအိမ် ၂ လုံးကြား ကျရောက်ပေါက်ကွဲခဲ့လို့ နေအိမ်အတွင်း အိပ်ပျော်နေတဲ့ အသက် ၄၀ ကျော် အရွယ် အမျိုးသမီး ဝမ်းဗိုက်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
ရွာမှာ ဆရာဝန် မရှိတာ ဆေးဝါးအခက်အခဲရှိနေတာကြောင့် ဇူလိုင် ၁၅ ရက်မနက်မှာ တခြားရွာ ကို ဆေးကုသဖို့ ပို့ပေးခဲ့တာကြောင့် ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံက ပြောပါတယ်။
ကျေးရွာတွင်းနဲ့ ကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မိုးသည်းထန်စွာရွာသွန်းနေချိန် စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒေသခံကျေးရွာနေ ပြည်သူတွေ ပြေးလွှားနေရကာ အခက်ကြုံနေကြရပါတယ်။
လက်နက်ကြီး ကျရောက်တာကြောင့် အဲဒီအမျိုးသမီးအပြင် နွားတစ်ကောင်ပါ လက်နက်ကြီး ကျည်ထိမှန်ထားပြီး အခုချိန်ထိ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ ကျန်ရှိနေသေး တယ်လို့ ဒေသတွင်း ရင်းမြစ်ထံက သိရပါတယ်။