စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ကင်းစံပြကျေးရွာ နေအိမ်တွေကို စစ်ကောင်စီတပ်က မေ ၂၇ ရက် မနက် အစောပိုင်း ၆ နာရီခွဲလောက်က မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်တွေဟာ ချင်းတွင်းမြစ်အထက်ပိုင်းကနေ ရေယာဉ်တွေနဲ့ ချင်းတွင်း မြစ်အောက်ပိုင်းကို စုန်ဆင်းလာရင်း အခုလို မြစ်ကမ်းဘေးက ကျေးရွာတွေကို မီးရှို့နေတာလို့ ဆိုပါတယ်။
“သူတို့က မေ ၂၅ ရက်ကလည်း ကျနော်တို့ အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ အထက်ကင်းရွာကို မီးရှို့ခဲ့တယ်။ တရွာလုံးမှာ ၆ အိမ်ပဲ ကျန်တယ်၊ အကုန်လုံး ပြာကျခဲ့တယ်။ အဲဒါပြီးတော့ မေ ၂၆ ရက်မနေ့ကတော့ အောက်ဘက်ကို ထပ်စုန်လာပြီး ကင်းရွာမှာ တပ်စွဲညအိပ်တယ်။ သူတို့ကို ကျနော်တို့ ရွာသားတွေက ဘယ်သူမှ ရန်လည်း မပြုပါဘူး။ သူတို့ကြောက်လို့ ရွာရှိလူကုန် အကုန် ထွက်ပြေးနေကြရတယ်။ အဲဒါလည်း ဒီကောင်တွေကရွာကို မီးရှို့တာပဲ။ ရွာတောင်ပိုင်း၊ ရွာမြောက်ပိုင်း နှစ်နေရာခွဲပြီး အခု မီးရှို့နေကြတယ်။ တရွာလုံး ပြာကျမယ် ထင်ပါတယ်” လို့ ကင်းဒေသခံတဦးက ပြောပါတယ်။
ကနီမြို့နယ်ဟာ မေလအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ရွာတွေကို မီးရှို့ ရှာဖွေဖျက်စီးနေပါတယ်။
စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းဟာ ယင်းမာပင်မြို့နယ်ဘက်ကနေ စစ်ကြောင်း ထိုးခဲ့ပြီးနောက် ထပ်စစ်ကြောင်းဟာ ဘုတလင်မြို့နယ်ဘက်ကနေ စစ်ကြောင်းထိုးလာပါတယ်။
နောက်စစ်ကြောင်းတစ်ကြောင်းကတော့ ချင်းတွင်းမြစ်အတွင်းကနေ စစ်ကြောင်းထိုးနေတာလည်း ဖြစ်တယ်လို့လည်း သိရပါတယ်။
ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေရဲ့မေလတစ်လတည်းမှာတင်ကျေးရွာတွေကို မီးရှို့နေတာ ရွာ ၁၂ ရွာကျော်ရှိလာနေပြီးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးလောင်ခဲ့တဲ့ကျေးရွာတွေဟာ ဝက်ချောင်းကလေးရွာ၊ နတ်ကြီးရွာ၊ ဝက်ချောင်းကြီးရွာ၊ ရွာသာရွာ၊ ကျွန်းဖျားရွာ၊ ကနဲရွာ၊ ဆင်စမ်းရွာ၊ သရက်တောရွာ၊ ကင်းတောင်ရွာ၊ အထက်ကင်းရွာနဲ့ လက်ရှိ မီးလောင်နေတာကတော့ ကင်းစံပြရွာတွေဖြစ်ပါတယ်။
နောက်ထက်တခြားတောတောင်တွေထဲနေကြတဲ့ တောင်သူတွေရဲ့ယာစောင့်တဲ့ အများအပြားကို လည်းစစ်ကောင်စီက မီးရှို့တာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။