close

ကင်းပန်းရွာ

close

July 16, 2022

ထီးလင်းမြို့နယ် ၊ ကင်းပန်းရွာအနီးတိုက်ပွဲဖြစ်

မကွေးတိုင်း ထီးလင်းမြို့နယ်၊ ကင်းပန်းရွာမှာ ညအိပ်စခန်းချတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင် ၁၅ ရက်နေ့က တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ PEOPLE's DEFENCE FORCE-HTILIN (YRPA)က ထုတ်ပြန်ပါတယ်။

ကင်းပန်းရွာမှာ ညအိပ်စခန်းချတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀  လောက်ပါတဲ့ စစ်ကြောင်းကို  မနေ့မနက် ၈ နာရီခွဲလောက်မှာ  ကင်းပန်းရွာ‌မြောက်ဘက် လသာတောင်ခြေရင်း၊ အုန်းပင်တိုက်မှာ  ထိပ်တိုက်တွေ့ဆုံကာ နာရီဝက်လောက် တိုက်ပွဲဖြစ်တာလို့ဆိုပါတယ်။

YRPA တပ်ရင်းမှူး ဗိုလ်လရောင်က “ကျနော်တို့က ပြောက်ကျားတိုက်ဖို့ လက်နက်ကြီးပစ်ဖို့ရယ် လက်နက်ငယ်နဲ့ တိုက်ဖို့ရယ်စီစဥ်ထားတာပေါ့။ တိုက်ကွင်းထဲရောက်လာတဲ့အချိန်မှာ မိုင်းကတော့ မခင်းလိုက်ရဘူး။ ဒါပေမဲ့ လက်နက်ငယ်နဲ့ပစ် လက်နက်ကြီးနဲ့ပစ်ပြီးတော့ နာရီဝက်ခန့်အကြာ တိုက်ပွဲတိုက်လိုက်ရတယ်”လို့ပြောပါတယ်။

နောက်ထပ်တိုက်ပွဲ ထပ်မံဖော်ဆောင်ဖို့ ဆောင်ရွက်ခဲ့ပေမဲ့ တိုက်ကွင်းဆင်ထားရာ ဆည်အနီးက ကျေးရွာတွေက မတိုက်ဖို့တားခဲ့တာကြောင့် တိုက်ပွဲတစ်ပွဲသာ အောင်မြင်စွာ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

"ဆည်ပေါ် အနီးနေရာမှာ မိုင်းခင်းပြီးတော့ တိုက်ကွင်းဆင်ထားတာပေါ့။ စစ် (-) တွေ မိုင်းကွင်းနား ရောက်ခါနီးမှာ ဆည်ပေါ် ၄ ရွာအုပ်စုက အကြီးအကဲတွေက ဆည်ပေါ်နား ဝဲယာတော့ မစ်ရှင်မဖော်ဖို့ပေါ့ မတိုက်ဖို့တားတော့  ကျနော်တို့က ပြည်သူတွေကိုပဲ ကိုးစားနေရတာ ပြည်သူအားပဲ အားကိုးနေရတာဆိုတော့ သူတို့ရဲ့စကားသံတွေ ပြောစကားတွေကိုလည်း လေးစားတဲ့အနေနဲ့ နောက်တစ်ပွဲမတိုက်ပဲနဲ့ပြန်ဆုတ်လာခဲ့တာ” လို့ PEOPLE's DEFENCE FORCE-HTILIN (YRPA) တပ်ရင်းမှူး ဗိုလ်လရောင်က ပြောပြပါတယ်။

အဆိုပါကင်းပန်းရွာအနီးကတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။  စစ်ကောင်စီတပ်သား ၄ ယောက်လောက် သေဆုံးနိုင်တယ်လို့ YRPA ကပြောပေမဲ့ ထိခိုက်သေဆုံး ဒဏ်ရာရသူ အရေအတွက် အတိအကျ ကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

16 hours Ago

August 23, 2021

ထီးလင်းမြို့နယ် ကင်းပန်းရွာတွင် တပ်ထွက်ဟောင်း ၁ ဦး ပစ်သတ်ခံရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကင်းပန်းရွာမှာ သြဂုတ် ၂၃ ရက် မနက်အစောပိုင်းက စစ်ကောင်စီသတင်းပေး ဒလန်လို့ လူသိများတဲ့ တပ်ထွက် အမျိုးသား တစ်ဦး နေအိမ်ရှေ့မှာ  သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ရွာခံတစ်ယောက်က  “ မနက် ၃ နာရီလောက်က စစ်ကောင်စီ သတင်းပေးဒလန်လုပ်ကိုင်နေတဲ့ ကိုသော်တာရဲ့အိမ်ကို ခဲတွေနဲ့ ဝိုင်းထုပြီး အပြင်ထွက်လာတဲ့ အချိန်မှာ သေနတ်နဲ့ ပစ်သတ်သွားတာ။ နေရာမှာ ပွဲချင်းပြီးသေသွားတယ်”လို့  ဒီဗွီဘီကိုပြောပါတယ်။

အဲဒီသေဆုံးတဲ့သူဟာ စစ်သားဟောင်း တစ်ယောက်ဖြစ်ပြီးတော့ စစ်ကောင်စီတပ်တွေကို မဟုတ်မမှန်သတင်းပေးကာ ရွာသားတွေကို အမျိုးမျိုးဒုက္ခပေးတာကြောင့် အသတ်ခံရတာဖြစ်နိုင်တယ်လို့ ရွာသားတွေက ပြောပါတယ်။

ကိုသော်တာကို ဘယ်လက်နက်ကိုင်အဖွဲ့စည်းက ပစ်သွားတယ်ဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။

ထီးလင်းမြို့နယ်၊ အင်းနားရွာမှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်က  စစ်ကောင်စီသတင်းပေး ဒလန်တစ်ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

11 months Ago
Up