close

ကင်းပုန်းဝပ်

close

March 3, 2023

ကျိုက်ထိုတွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာနဲ့ စိမ်ကလဲ့ရွာ လမ်းခွဲအနီး မတ် ၃ ရက် ဒီမနက် ၅ နာရီလောက်က ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် ၆ ဦး သေဆုံးသွားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်း လုံခြုံရေးအတွက် ကင်းပုန်းလာဝပ်တဲ့ တပ်အင်အား ၁၅ ဦးလောက်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF၊ KRF၊ ABSDF ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ နီးပါး ဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

ပစ်ခတ်မှုပြီးနောက် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို စစ်ကောင်စီတပ်က ကားနဲ့ လာရောက်တင်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် ကျိုက်ထိုမြို့နယ် အခြေစိုက် တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ကဒတ်ချောင်းကျေးရွာထဲနဲ့ မဟာစည်ဘုန်းကြီးကျောင်းအနီး လက်နက်ကြီး ၂ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအခြေအနေ အသေးစိတ် မသိရသေးပါဘူး။

စစ်ကောင်စီထောက်ခံသူ တယ်လီဂရမ်အကောင့်တွေမှာတော့ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသာ ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ Icon စက်တလုံးနဲ့ ပစ္စတိုသေနတ် တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားနေကြပါတယ်။

ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ စစ်ကောင်စီ ယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က ယာဉ်တန်းလုံခြုံရေးအတွက် ကင်းပုန်းလာဝပ်တာတွေ အမြဲလို ရှိနေတာပါ။

9 mins Ago

August 15, 2022

မုံရွာမြို့တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အထွက် အက်တောကျေးရွာနဲ့ မွေးမြူရေးဇုန်ကြားမှာ ဩဂုတ် ၁၄ ရက် ညနေ ၇ နာရီခွဲလောက်က ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ‌ဦးလုံး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းဟာ တပ်ဖွဲ့ဝင်သုံးဦးကို ကင်းပုန်းဝပ်ဖို့ ကားပေါ်မှ ချထားခဲ့ရာမှာ ကာကွယ်ရေးတပ်ဖွဲ့က အသင့်တပ်ဆင်ထားတဲ့ မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သေချင်တော့ အဆင်သင့်ပြင်ထားတဲ့ ပွိုင့်ဘက်ကို တည့်တည့်ဝင်လာတာ၊ အဲဒီမှာ အချိန်ကိုက် ဖောက်ခွဲတော့ သုံးယောက်လုံး ပွဲချင်းပြီး သေတယ်။ မြို့ပေါ်မှာလည်း နေရာတော်တော်များများမှာ ယူနီဖောင်းနဲ့ရော အရပ်ဝတ်နဲ့ပါ ကင်းပုန်းဝပ်တာတွေလည်း ရှိတယ်” လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂ ၊ တပ်ခွဲ ၄ Fight For People - F.F.P မှ ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒ့ါအပြင် ဩဂုတ် ၁၅ ရက် မနက် ၂ နာရီလောက်ကလည်း မုံရွာမြို့အဝင် မအူဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

7 months Ago
Up